ရုရှားမှ ထွက်ပြေးသူပေါင်း ၇ သိန်းအထိ ရှိသည်ဆိုသော သတင်းများကို ကရင်မလင် ငြင်းဆို

ယူကရိန်းတွင် တိုက်ပွဲဝင်ရန်အတွက် ရုရှားအရပ်သား သိန်းပေါင်းများစွာအား အရန်တပ်ဖွဲ့ဝင်အဖြစ် စုဆောင်းရန် အစိုးရကကြေညာခဲ့ပြီးနောက် ရုရှားနိုင်ငံသား ၇ဝဝ,ဝဝဝ နိုင်ငံမှ ထွက်ပြေးသွားခဲ့သည်ဟူသည့် သတင်းများကို ရုရှားအစိုးရက အောက်တိုဘာလ ၆ ရက်နေ့တွင် ငြင်းဆိုခဲ့သည်။

08 Oct 2022

ဖင်လန်နိုင်ငံသို့ ဝင်ရောက်ရန်အတွက် နယ်စပ်စစ်ဆေးရေးဂိတ်တွင် တန်းစီစောင့်ဆိုင်းနေကြသည့် ရုရှားခရီးသွားများအား ၂ဝ၂၂ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - AFP

DMG ၊ အောက်တိုဘာ ၈

ယူကရိန်းတွင် တိုက်ပွဲဝင်ရန်အတွက် ရုရှားအရပ်သား သိန်းပေါင်းများစွာအား အရန်တပ်ဖွဲ့ဝင်အဖြစ် စုဆောင်းရန် အစိုးရကကြေညာခဲ့ပြီးနောက် ရုရှားနိုင်ငံသား ၇ဝဝ,ဝဝဝ နိုင်ငံမှ ထွက်ပြေးသွားခဲ့သည်ဟူသည့် သတင်းများကို ရုရှားအစိုးရက အောက်တိုဘာလ ၆ ရက်နေ့တွင် ငြင်းဆိုခဲ့သည်။

အရပ်တပ်ဖွဲ့ဝင် စုဆောင်းမည့်အမိန့်ကို သမ္မတ ဗလာဒီမာပူတင်က စက်တင်ဘာ ၂၁ ရက်နေ့တွင် ကြေညာခဲ့ပြီးနောက်ပိုင်း  နိုင်ငံတွင်းမှ လူပေါင်း မည်မျှထွက်ခွာသွားခဲ့သည်ဟူသည့် အရေအတွက်အတိအကျကို မသိရသေးကြောင်း ကရင်မလင်မှ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စကော့က သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ထွက်ခွာသွားသူ ရုရှားနိုင်ငံသား ၇ သိန်းခန့်ရှိနိုင်ကြောင်း ရုရှားမီဒီယာများတွင် တွေ့ရသည့် သတင်းများနှင့်ပတ်သက်၍ မေးမြန်းချိန်တွင် "အဲဒီနံပါတ်တွေကို အလေးအနက်ထားသင့်တယ်လို့ ကျွန်တော်မထင်ပါဘူး"ဟု ဒီမစ်ထရီ ပက်စကော့က ပြောကြားခဲ့သည်။

"ကျွန်တော့်မှာ အတိအကျကိန်းဂဏန်းတွေတော့ မရှိပါဘူး၊ ဒါပေမယ့် သူတို့က ဒီနေရာမှာ အခိုင်အမာ ပြောနေတဲ့ အနေအထားနဲ့ ဝေးနေတာတော့ သေချာပါတယ်"ဟုလည်း သူက ပြောကြားသည်။

ယူကရိန်းတွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရခြင်းမှ ရှောင်ရှားနိုင်ရန် ကြိုးပမ်းရာ၌ များသောအားဖြင့် စစ်မှုထမ်းအရွယ်ဖြစ်သည့် ရုရှားနိုင်ငံသား ထောင်ပေါင်းများစွာသည် နိုင်ငံတွင်းမှ ထွက်ပြေးခဲ့ကြသည်။

ရုရှားနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ကာဇက်စတန်၊ ဂျော်ဂျီယာနှင့် မွန်ဂိုလီးယားနိုင်ငံများက ပူတင်၏ ကြေညာချက်အပြီးတွင် နယ်စပ်ဖြတ်ကျော်မှု အရေအတွက် မြင့်တက်လာကြောင်း အစီရင်ခံခဲ့ကြသည်။

သို့သော် အတိအကျ မည်မျှထွက်ခွာသွားခဲ့သည်ကို တိကျသောကိန်းဂဏန်းဖြင့် ရရှိရန်မှာ ခက်ခဲသည်။

ရုရှားသမ္မတ ပူတင်၏ စည်းရုံးလှုံ့ဆော်မှုသည် ဖေဖော်ဝါရီလတွင် စတင်ခဲ့သည့် ရုရှားက အထူးစစ်ဆင်ရေးဟု ခေါ်ဆိုသည့် ပဋိပက္ခနောက်ပိုင်း အစိုးရ၏ လူကြိုက်မများဆုံးသော လှုပ်ရှားမှုများထဲမှ တစ်ခုဖြစ်ကြောင်း သက်သေပြခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ မြို့ကြီးများနှင့် ဒေသများတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

ဗီဒီယိုများ