ကျူးကျော်မှုတရားဝင်ဖြစ်ရန် ရုရှားက ယူကရိန်းဒေသတချို့တွင် မဲပေးမှုစတင်

ရုရှားထိန်းချုပ်ထားသည့် ယူကရိန်းဒေသအချို့တွင် ဆန္ဒခံယူပွဲတစ်ခုကို စက်တင်ဘာလ ၂၃ ရက်(သောကြာနေ့)တွင် စတင်ကျင်းပခဲ့သည်။ ရုရှားအနေဖြင့် ယူကရိန်းဒေသလေးခုကို ၎င်းတို့သိမ်းယူထားသည်မှာ တရားမျှတကြောင်းပြရန် မျှော်လင့်ထားသလို ဆန္ဒမဲမှာမပေးမနေရ ဖြစ်ကြောင်းလည်း ယူကရိန်းတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

25 Sep 2022

စီစဉ်ထားသည့် ဆန္ဒခံယူပွဲမတိုင်မီ မဲရေတွက်မည့်နေရာတွင် ဒေသဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များစုဝေးနေသည်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ကတွေ့ရစဉ်။ (ဓာတ်ပုံ- Reuters)

DMG | စက်တင်ဘာ ၂၅

ရုရှားထိန်းချုပ်ထားသည့် ယူကရိန်းဒေသအချို့တွင် ဆန္ဒခံယူပွဲတစ်ခုကို စက်တင်ဘာလ ၂၃ ရက်(သောကြာနေ့)တွင် စတင်ကျင်းပခဲ့သည်။ ရုရှားအနေဖြင့် ယူကရိန်းဒေသလေးခုကို ၎င်းတို့သိမ်းယူထားသည်မှာ တရားမျှတကြောင်းပြရန် မျှော်လင့်ထားသလို ဆန္ဒမဲမှာမပေးမနေရ ဖြစ်ကြောင်းလည်း ယူကရိန်းတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“လူထုဆန္ဒခံယူပွဲကို ရုရှားဖက်ဒရေးရှင်းရဲ့ အစိတ်အပိုင်းတခုအနေဖြင့် ဖြစ်လာနေတဲ့ ဇာပိုရစ်ဇ်ဇီရာ ဒေသမှာ စတင်လိုက်ပါပြီ။ ငါတို့ အိမ်ပြန်လာပြီ၊ ခရီးစဉ်ချောမွေ့ပါစေ သူငယ်ချင်းတို့” ဟု ရုရှားကျောထောက် နောက်ခံပေးထားသော ၎င်းဒေသ၏အုပ်ချုပ်ရေးအဖွဲ့ အရာရှိဖြစ်သူ ဗလာဒီမာ ရိုဂါ့ဗ် ကပြောကြားသည်။

သို့ရာတွင် ထိုဆန္ဒခံယူပွဲများသည် တရားမဝင်ကြောင်းနှင့် မတရားနယ်မြေကျူးကျော်မှုအတွက် ရှေ့ပြေးတစ်ခုကဲ့သို့ဖြစ်နေကြောင်း အနောက်နိုင်ငံများက ကျယ်ကျယ်ပြန့်ပြန့်ပြစ်တင်ရှုံ့ချနေကြသည်။

လူဟန့်စ်ဒေသ ယူကရိန်းအုပ်ချုပ်ရေးမှူး ဆာဟီဂိုင်ဒိုင်က ရုရှားထိန်းချုပ်ထားသည့် ဘီလိုဗို့စ်မြိုရှိ လုပ်ငန်းရှင်တစ်ဦးက သူ၏ဝန်ထမ်းများကို ဆန္ဒခံယူပွဲကို မဖြစ်မနေပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မဲပေးရန်ငြင်းဆန်သူများကို အလုပ်ဖြုတ်မည့်အပြင် ၎င်းတို့၏အမည်များကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပေးပို့တိုင်ကြားသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ဆက်လက်၍ ဆာဟီဂိုင်ဒိုင်က ရုရှားအာဏာပိုင်များက ပြည်သူများ စတာရိုဘစ် မြို့မှထွက်ခွာခွင့်ကို အင်္ဂါနေ့အထိ ပိတ်ထားပြီး လက်နက်ကိုင်တပ်ဖွဲ့များအား လူနေအိမ်များကိုရှာဖွေရန် စေလွှတ်ထားကာ ဒေသခံများကိုလည်း အတင်းအကြပ်မဲပေးရန်ဖိအားပေးဆောင်ရွက်နေကြောင်းပြောကြားသည်။

မဲပေးခြင်းကို ယူကရိန်း၏ နယ်မြေ စုစုပေါင်း ၁၅ ရာခိုင်နှုန်းအထိရှိသော လူဟန့်စ်၊ ဒွန်းညက်စ်၊ ခါဆန်နှင့် ဇာပိုရစ်ဇ်ဇီရာခရိုင်များတွင် သောကြာနေ့မှ အင်္ဂါနေ့အထိ ကျင်းပမည်ဖြစ်သည်။

ထိုဒေသရှိနေရာများသည် တရားဝင်မဲပေးရန် မဖြစ်နိုင်လောက်အောင် ပဋိပက္ခများဖြစ်ပွားနေဆဲဖြစ်ကြောင်း လေ့လာသူတစ်ဦးက CNA ၏ Asia First ကဏ္ဍကိုပြောဆိုကာ “ဟန်ပြ” ဆန္ဒခံယူပွဲသာဖြစ်သည်ဟုဆိုသည်။

“အဲ့ဒီဒေသရဲ့ (နေရာအတော်များများမှာ) တိုက်ပွဲဖြစ်နေတယ်။ ဒီတော့ လူတွေက အပြင်ထွက်ပြီး မဲပေးဖို့ဆိုတာ ဘယ်လိုလုပ်လက်တွေ့ကျကျဖြစ်နိုင်မှာလဲ။ ဒါကြောင့် ယခုဆန္ဒခံယူပွဲပြုလုပ်တယ်ဆိုတာက ဟန်ပြတစ်ခုထက်မပိုဘူး၊ စဉ်းစားတွေးခေါ်တတ်တဲ့လူတိုင်းသိတယ်” ဟု သြစတြေးလျ ကာကွယ်ရေး ကောလိပ်၏ ကာကွယ်ရေးသုတေသနစင်တာအကြီးတန်း မက်သယူး စပ်ဆက်စ်က ပြောကြားခဲ့သည်။

ယခုဆန္ဒခံယူပွဲများမှာ ယူကရိန်းက ယခုလအတွင်း ရုရှားထိန်းချုပ်ထားသည့် နယ်မြေအများအပြားကို ပြန်လည်ထိုးစစ်ဆင်သိမ်းယူနိုင်ခဲ့ပြီးနောက် ပြုလုပ်လာခြင်းဖြစ်သည်။ ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ပွဲစတင်ခဲ့ပြီးနောက် ခုနစ်လအကြာ၌ လူထောင်ပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရပြီး သန်းပေါင်းများစွာကိုလည်း အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့ကာ ကမ္ဘာ့စီးပွားရေးကိုပါ ထိခိုက်ပျက်စီးစေခဲ့သည်။

ဗီဒီယိုများ