တောင်ကိုရီးယားမှာ ဟော်လိုဝင်းပွဲတော်အတွင်း လူအုပ်ပိ၍ ၁၅၁ ဦးသေဆုံး

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် စနေနေ့ညဉ့်က ဟော်လိုဝင်းပွဲတော်ကျင်းပစဉ် လူအုပ်ပိပြီး ၁၅၁ ဦးသေဆုံးကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။ သေဆုံးသူ အများစုမှာ ဆယ်ကျော်သက်များနှင့် အသက် ၂၀ ကျော်အရွယ်များဖြစ်သည်။

By Admin 30 Oct 2022

တောင်ကိုရီးယားမှာ ဟော်လိုဝင်းပွဲတော်အတွင်း လူအုပ်ပိ၍ ၁၅၁ ဦးသေဆုံး

ဓာတ်ပုံ - AP

DMG ၊ အောက်တိုဘာ ၃၀

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် စနေနေ့ညဉ့်က ဟော်လိုဝင်းပွဲတော်ကျင်းပစဉ် လူအုပ်ပိပြီး ၁၅၁ ဦးသေဆုံးကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။ သေဆုံးသူ အများစုမှာ ဆယ်ကျော်သက်များနှင့် အသက် ၂၀ ကျော်အရွယ်များဖြစ်သည်။

ဆိုးလ်မြို့ အီတေဝန်ဧရိယာ၌ စနေနေ့ညဉ့် ဆယ်နာရီက ဟော်လိုဝင်းပွဲတော် ကျင်းပစဉ် ယခုကဲ့သို့ ဖြစ်ရပ်ဆိုးကြီး ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ အဆိုပါနေရာ၌ လူပေါင်း တစ်သိန်းခန့် ရောက်ရှိနေခဲ့ကြပြီး ကျဉ်းမြောင်းသော လမ်းကြိုလမ်းကြားများအတွင်း လူအလွန်အကျွံ ပြည့်ကျပ်ကာ လူအုပ်ပိခြင်း ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။

လတ်တလောတွင် ဒဏ်ရာရပြီး ဆေးကုသမှု ခံယူနေရသူ ၈၂ ဦးအနက် ၁၉ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေ၌ ရှိနေသဖြင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ဖွယ်ရှိကြောင်း တာဝန်ရှိသူများက အေပီသတင်းဌာနသို့ ပြောကြားသည်။

“လူတွေက ဒီအတိုင်းပဲ အချင်းချင်းတွန်းတိုက်မိကုန်တာ။ ကျွန်တော်လည်း အစောပိုင်းက လူအုပ်ထဲမှာ ပိတ်မိပြီး ထွက်မရဘူး ဖြစ်ခဲ့သေးတယ်”ဟု ကိုယ်တိုင်ကြုံခဲ့ရသော အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

လူအုပ်ကြီးသည် တစ်ဦးပေါ်တစ်ဦး ပြိုလဲကုန်ကာ အချို့မှာ လူအုပ်အောက်မှ အတင်းရုန်းထွက်နေကြသည်ကို တွေ့ရကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။

လူအုပ်ပိမှု ဖြစ်ပွားရာနေရာတစ်ဝိုက်မှာ လမ်းများ ကျဉ်းမြောင်းပြီး ပြည့်ကျပ်နေသော လူအုပ်ကြောင့်လည်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်အခဲ ရှိခဲ့သလို လူနာတင်ကားများလည်း အလွယ်တကူ ဝင်မရခဲ့ပေ။

“လူတွေက အထပ်ထပ်ဖြစ်ကုန်တယ်။ တစ်ချို့က သတိလစ်လုနီးပါး အခြေအနေဖြစ်နေတာ တွေ့ရတယ်။ တစ်ချို့ကတော့ အဲဒီမှာတင် သေနေပြီလို့ ယူဆရတယ်”ဟု မျက်မြင်သက်သေတစ်ဦးက ပြောကြားသည်။

ဆိုးလ်တွင် ယခုနှစ်ကျင်းပသော ဟော်လိုဝင်းပွဲတော်သည် ၂၀၂၀ ခုနှစ်တွင် တောင်ကိုရီးယား၌ ကိုဗစ်ကပ်ဘေး စတင်ချိန်တည်းက တားမြစ်ထားခဲ့ပြီးမှ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်သည်။

ဗီဒီယိုများ