တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံရေစပ်တွင် အပြန်အလှန် သတိပေးပစ်ခတ်မှုများ ဖြစ်ပွား

တောင်နှင့် မြောက်ကိုရီးယားတို့သည် တနင်္လာနေ့ အစောပိုင်းက နှစ်နိုင်ငံ အငြင်းပွားနေသည့် ပင်လယ်ရေပိုင်နက်တွင် အပြန်အလှန် သတိပေးပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 24 Oct 2022

တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံရေစပ်တွင် အပြန်အလှန် သတိပေးပစ်ခတ်မှုများ ဖြစ်ပွား

ဓာတ်ပုံ - AP

DMG ၊ အောက်တိုဘာ ၂၄

တောင်နှင့် မြောက်ကိုရီးယားတို့သည် တနင်္လာနေ့ အစောပိုင်းက နှစ်နိုင်ငံ အငြင်းပွားနေသည့် ပင်လယ်ရေပိုင်နက်တွင် အပြန်အလှန် သတိပေးပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တနင်္လာနေ့ အာရုံ ၃ နာရီ ၄၂ မိနစ်က တောင်ကိုရီးယား ရေပိုင်နက်ထဲသို့ ကျွံဝင်လာသည့် မြောက်ကိုရီးယား ကုန်သင်္ဘောတစ်စီးအား သတိပေးသည့်အနေဖြင့် တောင်ကိုရီးယားရေတပ်က ပစ်ဖောက်မှုများ ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဦးစီးချုပ်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မြောက်ကိုရီးယား စစ်တပ်ဘက်ကလည်း မိမိတို့ ကမ်းခြေစောင့်တပ်သည် မြောက်ကိုရီးယား ရေပြင်ပိုင်နက်တွင် “ရန်သူရေတပ် လှုပ်ရှားမှုများ တွေ့ရှိခဲ့ရသည့်”အတွက် တုံ့ပြန်သည့်အနေဖြင့် လက်နက်ကြီးဖြင့် ၁၀ ချက် သတိပေးပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တောင်ကိုရီးယားရေတပ်သည် အမျိုးအစားမသိရသည့် သင်္ဘာတစ်စင်းကို ပစ်ခတ်ချေမှုန်းရန် ရည်ရွယ်ချက်ဖြင့် မြောက်ကိုရီးယား ရေပိုင်နက်ထဲသို့ ကျူးကျော်ခဲ့ခြင်းဖြစ်သည်ဟုလည်း မြောက်ကိုရီးယားက စွပ်စွဲထားသည်။

ကိုရီးယားကျွန်းဆွယ် အနောက်ပိုင်း ကမ်းလွန်ပင်လယ်သည် နှစ်နိုင်ငံအကြား ကာလရှည်ကြာ ပဋိပက္ခများ ဖြစ်ပွားနေသည့် နေရာဖြစ်သည်။

တောင်နှင့်မြောက် နှစ်နိုင်ငံရေပြင်ပိုင်နက်အား ကိုရီးယားစစ်ပွဲအပြီး ၁၉၅၀-၅၃ ကာလအတွင်း အမေရိကန် ဦးဆောင်သည့် ကုလသမဂ္ဂ တပ်ဖွဲ့ဝင်များက နယ်နိမိတ်သတ်မှတ်ပေးခဲ့သည်။ သို့သော်လည်း မြောက်ကိုရီးယားသည် တောင်ကိုရီးယား ရေပြင်ပိုင်နက် အတွင်းပိုင်းအထိရှိနေသည့် ဧရိယာများကိုပါ ၎င်းတို့ပိုင်နက်အဖြစ် သတ်မှတ်ယူဆထားသည်။

အဆိုပါရေပြင်၌ နောက်ဆုံးအကြိမ် ပဋိပက္ခဖြစ်ပွားခဲ့သည်မှာ ၂၀၁၀ ခုနှစ်ကဖြစ်ပြီး မြောက်ကိုရီးယားက တောင်ကိုရီးယားကျွန်းစုတစ်ခုသို့ လက်နက်ကြီး ပစ်ခတ်ခဲ့သလို တောင်ကိုရီးယား ရေတပ်စစ်သင်္ဘောက တော်ပီဒိုဖြင့် ပြန်လှန်ပစ်ခတ်ခဲ့သည်ဟုလည်း မြောက်ကိုရီးယားက ပြောကြားထားသည်။ အဆိုပါ နှစ်ဘက်တိုက်ခိုက်မှုများအတွင်း တောင်ကိုရီးယားနိုင်ငံသား ၅၀ ဦး သေဆုံးခဲ့သည်။

ဗီဒီယိုများ