ပြည်တွင်း၌ ပထမဆုံး တည်ဆောက်ထားသည့် ရေငုပ်သင်္ဘော ထိုင်ဝမ် ထုတ်ဖော်ပြသ

ထိုင်ဝမ်သည် ပထမဆုံးအကြိမ် ပြည်တွင်း၌ တည်ဆောက်ထားသည့် ရေငုပ်သင်္ဘောအား ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ဖော်ပြသလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 28 Sep 2023

ဓာတ်ပုံ - AFP
ဓာတ်ပုံ - AFP

ထိုင်ဝမ်သည် ပထမဆုံးအကြိမ် ပြည်တွင်း၌ တည်ဆောက်ထားသည့် ရေငုပ်သင်္ဘောအား ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ဖော်ပြသလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“ဒီနေ့ဟာ သမိုင်းမှာ အမြဲတမ်း အမှတ်ရနေမယ့်နေ့ပါပဲ” ဟု ရေငုပ်သင်္ဘောရှေ့၌ မိန့်ခွန်းပြောကြားသည့် သမ္မတစိုင်အင်ဝမ်က ဆိုသည်။

“အရင်တုန်းကတော့ ရေငုပ်သင်္ဘောကို ပြည်တွင်းမှာ တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အစီအစဉ်လို့ ယူဆခဲ့ကြပါတယ်။ အခုတော့ ကျွန်မတို့ ပြည်သူတွေကိုယ်တိုင် တည်ဆောက်ထားတဲ့ ရေငုပ်သင်္ဘောတစ်စင်းဟာ လူတွေရဲ့ရှေ့မှောက်မှာ ရောက်နေပါပြီ။ ကျွန်မတို့ လုပ်နိုင်ခဲ့ပါပြီ” ဟု သမ္မတက ပြောကြားသည်။

ယခုရေငုပ်သင်္ဘောအား ဟိုင်ကုန် (Hai Kun) ဟု အမည်ပေးထားသည်။ ဟိုင်ကုန်သည် အရှည် ၈၀ မီတာ၊ အလေးချိန် တန်ချိန် ၂၅၀၀ နှင့် ၃၀၀၀ ကြားရှိကာ အမေရိကန် စစ်လက်နက်ကုမ္ပဏီ လော့ဟစ်မာတင်၏ တိုက်ခိုက်ရေးနှင့် တော်ပီဒို ဒုံးစနစ်များကို အသုံးပြုထားသည်။

ဟိုင်ကုန်အား ယခုစတင်၍ ရေချပြီး စမ်းသပ်အသုံးပြုတော့မည် ဖြစ်ကာ ၂၀၂၅ ခုနှစ်ကို နောက်ဆုံးထား၍ လုပ်ငန်းလည်ပတ်နိုင်မည်ဟု သမ္မတ စိုင်အင်ဝမ်က ပြောကြားသည်။

သမ္မတစိုင်အင်ဝမ်သည် ရေငုပ်သင်္ဘော တည်ဆောက်ရေးနှင့် သင်္ဘော ၈ စီးပါဝင်သည့် ရေတပ်ဖြစ်အောင် ဆောင်ရွက်ရေး အစီအစဉ်ကို ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုင်ဝမ်ရေတပ်တွင် လက်ရှိ၌ ရေငုပ်သင်္ဘော နှစ်စင်းရှိပြီး ၁၉၈၀ ကျော်ကာလတွင် နယ်သာလန်ထံမှ ဝယ်ယူထားခြင်း ဖြစ်သည်။

တရုတ်သည် ထိုင်ဝမ်ကျွန်းဆွယ်ကို ၎င်းတို၏ပိုင်နက်အဖြစ် ထုတ်ဖော်ပြောကြားထားသည်။ လိုအပ်လျှင် အင်အားသုံးကာ သိမ်းပိုက်မည်ဟုလည်း သတိပေးထားသည်။ ပြီးခဲ့သည့်နှစ်အတွင်း၌လည်း ထိုင်ဝမ်ကို သံတမန်ရေးအရ အထီးကျန်အောင် ဖန်တီးထားသလို ကျွန်းဆွယ်အနီး၌ စစ်လေယာဉ်များ အုံလိုက်ကျင်းလိုက် ကျူးကျော်ပျံသန်းမှုများ ပြုလုပ်ကာ စစ်ရေးနှင့် နိုင်ငံရေးအရ ဖိအားများပေးလျက်ရှိသည်။

ထိုင်ဝမ်သည် တရုတ်နှင့်ယှဉ်လျှင် အင်အား မတန်တဆ သေးငယ်နေသော်လည်း ၎င်း၏ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲလျက်ရှိသည်။ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ထံမှ စစ်ရေးကိရိယာများ ကန်ဒေါ်လာ ၁၉ ဘီလျံဖိုးအထိ ဝယ်ယူရန် လျာထားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြချက်အရ သိရသည်။

ဗီဒီယိုများ