ထိုင်ဝမ်သမ္မတနှင့် အမေရိကန်လွှတ်တော်ဥက္ကဌတို့ တွေ့ဆုံပြီးနောက် ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်က စစ်ရေးလေ့ကျင့်

ထိုင်ဝမ်အပေါ် ဒေါသထွက်နေသည့် တရုတ်အစိုးရသည် ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် သုံးရက်ကြာစစ်ရေး လေ့ကျင့်မှုကို စနေနေ့၌ စတင်လိုက်ပြီဖြစ်သည်။ 

By Admin 08 Apr 2023

ထိုင်ဝမ်သမ္မတစိုင်အင်ဝမ်နှင့် အမေရိကန် အောက်လွှတ်တော်ဥက္ကဌ ကယ်ဗင်မက်ကာသီတို့ ၂၀၂၃ ခုနှစ် ဧပြီလ ၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၌ တွေ့ဆုံစဉ်။ ဓာတ်ပုံ - AP
ထိုင်ဝမ်သမ္မတစိုင်အင်ဝမ်နှင့် အမေရိကန် အောက်လွှတ်တော်ဥက္ကဌ ကယ်ဗင်မက်ကာသီတို့ ၂၀၂၃ ခုနှစ် ဧပြီလ ၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၌ တွေ့ဆုံစဉ်။ ဓာတ်ပုံ - AP

ထိုင်ဝမ်အပေါ် ဒေါသထွက်နေသည့် တရုတ်အစိုးရသည် ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် သုံးရက်ကြာစစ်ရေး လေ့ကျင့်မှုကို စနေနေ့၌ စတင်လိုက်ပြီဖြစ်သည်။ 

ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်နှင့် အမေရိကန် အောက်လွှတ်တော်ဥက္ကဌ ကယ်ဗင်မက်ကာသီတို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ပြီးနောက်တွင် တရုတ်ဘက်က ယခုကဲ့သို့ တုံ့ပြန်လာခြင်း ဖြစ်သည်။

ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အင်ဂျလိစ်တွင် စိုင်အင်ဝမ်နှင့် ကယ်ဗင်မက်ကာသီတို့ တွေ့ဆုံမှုအပေါ် တရုတ်ဘက်က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီးနောက် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လာနိုင်ကြောင်း အများက သုံးသပ်ထားကြသည့် အတိုင်း ယခုကဲ့သို့ ပြုလုပ်လာခြင်းလည်း ဖြစ်သည်။

ထိုင်ဝမ်ကျွန်းဆွယ်တစ်ဝိုက်တွင် တိုက်ပွဲပြင်ကင်းလှည့်မှုများနှင့် “Joint Sword” လေ့ကျင့်ခန်းများကို စတင်လိုက်ပြီဖြစ်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် အရှေ့ပိုင်းဒေသ ကွပ်ကဲရေးဌာနက ပြောကြားသည်။ 

အဆိုပါလေ့ကျင့်ခန်းများကို ထိုင်ဝမ်ရေလက်ကြား၊ ထိုမှတစ်ဆင့် ထိုင်ဝမ် မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တစ်လျှောက် စီစဉ်ထားသည့်အတိုင်း ဆောင်ရွက်သွားမည်ဟု အစောပိုင်းက ပြောကြားထားသည်။

“ထိုင်ဝမ်လွတ်မြောက်ရေး ကြိုးပမ်းနေကြသည့် ခွဲထွက်ရေး တပ်ဖွဲ့များနှင့် ပြည်ပတပ်ဖွဲ့များ၏ ရန်စမှုများကို အကြီးအကျယ် သတိပေးလိုက်ခြင်း ဖြစ်သလို အမျိုးသား အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်ရေး အတွက်လည်း လိုအပ်သည့် လုပ်ရပ်တစ်ခု ဖြစ်သည်” အရှေ့ပိုင်းကွပ်ကဲရေးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနကလည်း မိမိတို့အနေဖြင့် အခြေအနေကို အသင့်အနေအထားဖြင့် စောင့်ကြည့်လျက်ရှိကာ ကျွန်းဆွယ်၏ လုံခြုံရေးကို ကာကွယ်ရန်အတွက် သင့်လျော်သလို တုံ့ပြန်သွားမည်ဟု ပြောကြားထားသည်။

အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည့် သမ္မတစိုင်အင်ဝမ်သည် လွှတ်တော်၏ နိုင်ငံခြားရေးရာကော်မတီ ဥက္ကဌ မိုက်ကယ်မက်ကော ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့နှင့် စနေနေ့နှောင်းပိုင်းတွင် တွေ့ဆုံမည်ဖြစ်သည်။

တရုတ်အစိုးရသည် ထိုင်ဝမ်ကို ၎င်းတို့၏ပိုင်နက်အဖြစ်သာ သတ်မှတ်ထားပြီး လိုအပ်ပါက အင်အားသုံးသိမ်းပိုက်မည်ဟုပါ ထုတ်ဖော်ပြောကြားထားသည်။ 

အမေရိကန်သည် ထိုင်ဝမ်နှင့် တရားဝင် သံတမန်ဆက်ဆံရေး မရှိထားသော်လည်း ထိုင်ဝမ်အတွက် လက်နက်အများဆုံး ရောင်းချပေးနေသည့် နိုင်ငံဖြစ်သည်။

ဗီဒီယိုများ