တာဂျစ်-ကာဂျစ် နယ်စပ်အဓိကရုဏ်းများအတွင်းလူ ၉၀ ကျော်သေဆုံး

တာဂျစ်ကစ္စတန်နှင့် ကာဂျစ်စတန်နှစ်နိုင်ငံအကြား ပြီးခဲ့သောသီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများအတွင်းလူပေါင်းအနည်းဆုံး ၉၄ ဦးသေဆုံးခဲ့ကြောင်းအေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယခုဖြစ်ရပ်သည် နှစ်နိုင်ငံနယ်စပ်တွင် နှစ်ပေါင်းများစွာ ဖြစ်ပွားလျက်ရှိသည့် အဓိကရုဏ်းများအနက် အဆိုးဆုံးဖြစ်သည်။

19 Sep 2022

ဓာတ်ပုံ - AFP

DMG | စက်တင်ဘာ ၁၉

တာဂျစ်ကစ္စတန်နှင့် ကာဂျစ်စတန်နှစ်နိုင်ငံအကြား ပြီးခဲ့သောသီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများအတွင်းလူပေါင်းအနည်းဆုံး ၉၄ ဦးသေဆုံးခဲ့ကြောင်းအေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယခုဖြစ်ရပ်သည် နှစ်နိုင်ငံနယ်စပ်တွင် နှစ်ပေါင်းများစွာ ဖြစ်ပွားလျက်ရှိသည့် အဓိကရုဏ်းများအနက် အဆိုးဆုံးဖြစ်သည်။

နှစ်ဘက်အဓိကရုဏ်းများသည် စက်တင်ဘာလ ၁၈ ရက်မွန်းလွဲပိုင်းတွင် တည်ငြိမ်သွားပြီဟုကာဂျစ်စတန် အာဏာပိုင်များက ပြောကြားသည်။

နယ်စပ်တွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကစတင်ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် အဓိကရုဏ်းများအတွင်းမိမိတို့နိုင်ငံသား ၃၅ ဦးသေဆုံးခဲ့ကြောင်း တာဂျစ်ကစ္စတန်က တရားဝင်ထုတ်ပြန်ခဲ့သည်။

ဒဏ်ရာရသူ ၂၅ ဦးရှိပြီးအရပ်သားများ၊ အမျိုးသမီးများနှင့် ကလေးများလည်းပါဝင်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။

ကရာဂျစ်စစ်သားများသည် ဗလီတစ်ခုကိုဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီးလူ ၁၂ ဦးသေဆုံးခဲ့သည်ဟုလည်း တာဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြသည်။

ကာဂျစ်စတန်ဘက်ကလည်း နိုင်ငံတောင်ပိုင်းနယ်စပ် ဘာကင်ဒေသတွင် လူ ၅၉ ဦးသေဆုံးပြီး ၁၄၄ ဦးဒဏ်ရရရှိခဲ့ကြောင်းတနင်္ဂနွေနေ့ကပြောကြားသည်။ သေဆုံးမှုများအတွက် စက်တင်ဘာလ ၁၉ ရက်နေ့ကိုဝမ်းနည်ဖွယ် အထိမ်းအမှတ်နေ့အဖြစ် နိုင်ငံတွင် ကြေညာခဲ့သည်။

ပြီးခဲ့သောသောကြာနေ့က နှစ်ဘက်သမ္မတများတွေ့ဆုံပြီး နှစ်နိုင်ငံအကြားအပစ်အခတ်ရပ်စဲရန် သဘောတူခဲ့ကြသည်။ သို့သော်လည်းနာရီပိုင်းအကြာတွင် အပစ်အခတ်ရပ်စဲရေး ပြန်လည်ပျက်ပြယ်ခဲ့ပြီး နှစ်ဘက်လုံးကအပြန်အလှန် အပြစ်တင်ခဲ့ကြသည်။

တာဂျစ်ကစ္စတန်နှင့် ကာဂျစ်စတန်နှစ်နိုင်ငံလုံးသည် ယခင် ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံများဖြစ်သည်။ နှစ်နိုင်ငံအကြားနယ်စပ်သည် မိုင် ၆၀၀ ခန့်ရှည်လျားပြီး ထက်ဝက်ခန့်မှာ ယခုအထိပိုင်းခြားသတ်မှတ်ခြင်း မပြုရသေးပေ။

ဗီဒီယိုများ