တောင်ကိုရီးယားမှာ အပူဒဏ်သတိပေးချက်ကို အမြင့်ဆုံးအဆင့် ထုတ်ပြန်

ပြင်းထန်အပူဒဏ်ကြောင့် နိုင်ငံတစ်ဝန်းတွင် သေဆုံးသူအရေအတွက်သည် ၂၃ ဦးအထိ ရှိလာနေပြီဖြစ်ကာ ယမန်နှစ်က ပုံစံတူကာလအတွင်း ရှိခဲ့သည့် အပူရှိန်ထက် သုံးဆအထိ မြင့်တက်လာခြင်း ဖြစ်ကြောင်း ပြည်တွင်းသတင်းတစ်ရပ်၌ ဖော်ပြထားသည်။

By Admin 03 Aug 2023

ဓာတ်ပုံ - AP
ဓာတ်ပုံ - AP

တောင်ကိုရီးယားနိုင်ငံတွင် လေးနှစ်အတွင်း ပထမဆုံးအဖြစ် အပူဒဏ်အန္တရာယ် သတိပေးချက်ကို အမြင့်ဆုံးအဆင့်အထိ ထုတ်ပြန်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ နိုင်ငံဧရိယာအချို့တွင် အပူရှိန် ၃၈ ဒီဂရီဆဲစီးယပ်အထိ မြင့်တက်လာမှုကို ရင်ဆိုင်နေရချိန်၌ ပြည်ထဲရေးနှင့် လုံခြုံရေးဝန်ကြီးဌာနက သြဂုတ်လ ၂ ရက်နေ့တွင် ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။

ပြင်းထန်အပူဒဏ်ကြောင့် နိုင်ငံတစ်ဝန်းတွင် သေဆုံးသူအရေအတွက်သည် ၂၃ ဦးအထိ ရှိလာနေပြီဖြစ်ကာ ယမန်နှစ်က ပုံစံတူကာလအတွင်း ရှိခဲ့သည့် အပူရှိန်ထက် သုံးဆအထိ မြင့်တက်လာခြင်း ဖြစ်ကြောင်း ကိုရီးယား ပြည်တွင်းသတင်းတစ်ရပ်၌ ဖော်ပြထားသည်။

အာဏာပိုင်များအနေဖြင့် ပြည်သူလူထု၊ အထူးသဖြင့် အဆောက်အအုံပြင်ပ နေရာများတွင် အလုပ်လုပ်နေကြရသူများ၊ သက်ကြီးရွယ်အိုများ၊ အအေးပေးစနစ်မရှိသည့် နေအိမ်များတွင် နေထိုင်နေကြရသူများ နောက်ထပ် တိမ်းပါးနာမကျန်းမှုများ မဖြစ်ရအောင် ကာကွယ်ဆောင်ရွက်ပေးကြရန် တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုးက ယမန်နေ့က တိုက်တွန်းထားသည်။

တောင်ကိုရီးယား၌ အပူဒဏ်သတိပေးချက်ကို အမြင့်ဆုံးအခြေအနေ ထုတ်ပြန်မှုသည် နိုင်ငံတွင်းဧရိယာ ၄၀ ရာခိုင်နှုန်းအထက်၌ အပူရှိန် ၃၅ ဒီဂရီဆဲစီးယပ်အထက် မြင့်တက်သည့်ဒဏ်ကို သုံးရက်နှင့်အထက် ရင်ဆိုင်ရချိန်၌ ထုတ်ပြန်ခြင်းဖြစ်သည်။ ယခုအနေအထားအတိုင်း နောက်ထပ် သုံးရက်အထိ ရင်ဆိုင်ရဖွယ် ရှိသည့် အချိန်မျိုးတွင် ဤသတိပေးချက်ကို ထုတ်ပြန်လေ့ရှိသည်။

အပူလှိုင်းဒဏ်ကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အကြိမ်ရေခပ်စိပ်စိပ်နှင့် ပိုမိုပြင်းထန်စွာ ရင်ဆိုင်လာရခြင်းသည် လူသားဖန်တီးသည့် ဥတုရာသီ ပြောင်းလဲမှုလက္ခဏာများ ဖြစ်ကြောင်း လေ့လာသူများက ထောက်ပြမှုများရှိသည်။ ကမ္ဘာတစ်ဝန်း အပူရှိန်သည် သြဂုတ်လအတွင်း ပိုမိုမြင့်တက်နိုင်ခြေ ရှိကြောင်းလည်း ပညာရှင်များက ထောက်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံသည်လည်း အပူဒဏ်ကို အမြင့်ဆုံး ရင်ဆိုင်နေရပြီး သြဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတစ်ဝန်း အပူရှိန်သည် ၃၅ ဒီဂရီဆဲစီးယပ်မှ ၃၇ ဒီဂရီဆဲစီးယပ်အထိ မြင့်တက်ခဲ့ကြောင်း အစိုးရပိုင် သတင်းဌာန၏ ကြေညာချက်အရ သိရသည်။

ဗီဒီယိုများ