တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်တို့ ပူးပေါင်းပြီး မြောက်ကိုရီးယားရေငုပ်သင်္ဘော တိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှု ပြုလုပ်

တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်ရေတပ်တို့သည် ခြောက်လအတွင်း ပထမဆုံးအကြိမ်အဖြစ် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး သုံးနိုင်ငံ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ယနေ့စတင်လိုက်ပြီဖြစ်သည်။

By Admin 03 Apr 2023

ဓာတ်ပုံ - AP
ဓာတ်ပုံ - AP

DMG ၊ ဧပြီ ၃

တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်ရေတပ်တို့သည် ခြောက်လအတွင်း ပထမဆုံးအကြိမ်အဖြစ် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး သုံးနိုင်ငံ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ဧပြီလ ၃ ရက်၊ တနင်္လာနေ့တွင် စတင်လိုက်ပြီဖြစ်သည်။ ပိုမိုမြင့်တက်လာနေသည့် မြောက်ကိုရီးယား ဒုံးကျည်ခြိမ်းခြောက်မှုရန်ကို ရင်ဆိုင်ရာတွင် သုံးနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်အတွက် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းဖြစ်သည်ဟု တောင်ကိုရီးယားစစ်ဘက်က သတင်းထုတ်ပြန်သည်။

မကြာသေးမီရက်ပိုင်းက မြောက်ကိုရီးယားသည် ၎င်းတို့ထုတ်လုပ်နေသည့် နျူကလီးယားထိပ်ဖူး အမျိုးအစားတစ်ရပ်ကို ထုတ်ဖော်ပြသခဲ့သည်။ အဆိုပါပြသမှုနှင့်အတူ စိုးရိမ်ပူပန်မှုများ ရှိလာပြီးနောက် ယခုကဲ့သို့ စစ်ရေးပူးတွဲလေ့ကျင့်မှုကို တွေ့လာရခြင်းလည်း ဖြစ်သည်။

ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုများကို မြောက်ကိုရီးယားက စစ်ရေးခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှုမြင်လေ့ရှိသဖြင့် များမကြာမီတွင် လေ့ကျင့်မှုကို ကန့်ကွက်သည့်အနေဖြင့် မြောက်ကိုရီးယားဘက်က ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများ ပြုလုပ်လာနိုင်ခြေ ရှိနေသည်။

နှစ်ရက်ကြာမြင့်မည့် ယခုလေ့ကျင့်မှုကို တောင်ကိုရီးယားနိုင်ငံ ဂျေဂျုကျွန်းဆွယ် ကမ်းလွန်၌ ပြုလုပ်မည်ဖြစ်သည်။

လေ့ကျင့်မှုများအတွင်း အမေရိကန်ဘက်မှ နျူကလီးယားစွမ်းအင်သုံး USS Nimitz လေယာဉ်တင်သင်္ဘော နှင့်အတူ ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန် ရေတပ်မှ ဖျက်သင်္ဘောများလည်း ပါဝင်မည်ဖြစ်သည်။

မြောက်ကိုရီးယားသည် မကြာသေးမီကမှ ရေငုပ်သင်္ဘောမှ ဒုံးကျည်ပစ်လွှတ် စမ်းသပ်မှုကို ပြုလုပ်ထားသည်။ ယခုသုံးနိုင်ငံ လေ့ကျင့်မှုအတွင်း ရေငုပ်သင်္ဘော ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် လေ့ကျင့်ကြမည်ဖြစ်သည်။

ရေငုပ်သင်္ဘောမှ ပစ်ခတ်မှုများကို ကြိုတင်သိရှိအောင် စုံစမ်းရန် ခက်ခဲသဖြင့် အမေရိကန်နှင့် မဟာမိတ်များသည် မြောက်ကိုရီးယား ရေငုပ်သင်္ဘောအရေးကို အလေးအနက်ထား နေကြသည်ဟု အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခုသုံးနိုင်ငံ ပူးတွဲလေ့ကျင့်မှုအတွင်း ရေငုပ်သင်္ဘောတိုက်ခိုက်မှုများကို ရင်ဆိုင်ရေး လေ့ကျင့်မှုများအပါအဝင် ရှာဖွေကယ်ဆယ်ရေး စစ်ဆင်ရေးများလည်း ပါဝင်သည်။ ယခုလေ့ကျင့်မှုသည် ၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သုံးနိုင်ငံလုံး ပူးပေါင်း၍ စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်သည်။

ဗီဒီယိုများ