- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
ယူကေဝန်ကြီးချုပ်သစ် ရာထူးမှ နုတ်ထွက်ရပြန်
ဝန်ကြီးချုပ်တာဝန်ကို ရယူပြီး ခြောက်ပတ်မျှသာ ရှိတဲ့အချိန်မှာ ဝန်ကြီးချုပ်သစ် လစ်ထရပ်ဟာ ရာထူးက နုတ်ထွက်သွားပါပြီ။
21 Oct 2022

ရာထူးမှနုတ်ထွက်ကြောင်း ကြေညာနေသည့် ယူကေဝန်ကြီးချုပ် လစ်ထရပ်အား ကြာသပတေးနေ့က လန်ဒန်မြို့ ဒေါင်းနင်းလမ်း အိမ်အမှတ် ၁၀ ရှေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ - Reuters
DMG ၊ အောက်တိုဘာ ၂၁
ဝန်ကြီးချုပ်တာဝန်ကို ရယူပြီး ခြောက်ပတ်မျှသာ ရှိတဲ့အချိန်မှာ ဝန်ကြီးချုပ်သစ် လစ်ထရပ်ဟာ ရာထူးက နုတ်ထွက်သွားပါပြီ။
ရာထူးကနုတ်ထွက်တဲ့အကြောင်းကို ဒေါင်းနင်းလမ်း အိမ်အမှတ် ၁၀ ရှေ့မှာပဲ အောက်တိုဘာလ ၂၀ ရက်နေ့ ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။
“ကွန်ဆာဗေးတစ်ပါတီက ပေးအပ်လိုက်တဲ့ တာဝန်တွေကို လက်ရှိအနေအထားနဲ့ ဆောင်ရွက်ဖို့ မဖြစ်နိုင်တော့ပါဘူး”လို့ သူကပြောပါတယ်။
“ဒီအတွက် ကွန်ဆာဗေးတစ်ပါတီရဲ့ ခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်ပြီဖြစ်တဲ့ အကြောင်းကိုလည်း ဘုရင်ကြီးကို ကျွန်မ ပြောကြားပြီးပါပြီ”လို့ လစ်ထရပ်က ပြောပါတယ်။
အသက် ၄၇ အရွယ် လစ်ထရပ်ဟာ ဝန်ကြီးချုပ်သက်တမ်း ၄၄ ရက်နဲ့ ဗြိတိန်သမိုင်းမှာ ရာထူးသက်တမ်းအတိုဆုံး ဝန်ကြီးချုပ်ဖြစ်ပါတယ်။
သူမနေရာကို ဆက်ခံမယ့် ခေါင်းဆောင်သစ်ကို အောက်တိုဘာလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ရွေးချယ်သွားမယ်လို့ ကွန်ဆာဗေးတစ်ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ ကြားကာလမှာ လစ်ထရပ်ဟာ ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေမှာပါ။
နုတ်ထွက်သွားတဲ့ ဝန်ကြီးချုပ်နေရာကို ဆက်ခံနိုင်ခြေရှိသူ လတ်တလောမှာ လေးဦးရှိနေပါတယ်။ သူတို့ကတော့ ထရပ်ရဲ့ နောက်ဆုံးပြိုင်ဘက် ရီရှီဆူနပ်၊ ထရပ်ရှေ့က နုတ်ထွက်သွားသူ ဝန်ကြီးချုပ်ဟောင်း ဘိုးရစ်ဂျွန်ဆင်၊ ယူကေ ကာကွယ်ရေးဝန်ကြီး ဘင်ဝေါလေ့စ်၊ ဘိုးရစ်ဂျွန်ဆင်နုတ်ထွက်ချိန်က ရာထူးဆက်ခံမယ့်သူလို့ ယူဆခံခဲ့ရသူ ပင်နီမောဒင့်တို့ ဖြစ်ပါတယ်။
ဒီအထဲမှာ အံ့သြစရာတစ်ချက်က လစ်ထရပ်ရှေ့က နုတ်ထွက်သွားသူ ဝန်ကြီးချုပ်ဟောင်း ဘိုးရစ်ဂျွန်ဆင်လည်း ပါနေတဲ့အချက် ဖြစ်ပါတယ်။ လစ်ထရပ် နုတ်ထွက်ကြောင်း ကြေညာပြီးနောက် ဘိုးရစ်ကို ထောက်ခံသူတွေက တွစ်တာပေါ်မှာ ‘ဘိုးရစ်ကိုပြန်ခေါ်ပေး’ ဆိုတဲ့စာသားနဲ့ Hashtag တွေ ဖန်တီးနေကြသလို အခြားတစ်ဘက်မှာလည်း ဝန်ကြီးချုပ်ရာထူးနဲ့ မထိုက်တန်လို့ နုတ်ထွက်သွားသူတစ်ဦးကို ဝန်ကြီးချုပ်အဖြစ် ပြန်ခန့်ဖို့ ဆိုတာ ပြည်သူကို စော်ကားတာနဲ့တူတယ်လို့ ဝေဖန်သူတွေလည်း ရှိနေပါတယ်။