ယူကရိန်းရှေ့တန်းတွင် အရပ်သားများကို ကယ်ထုတ်ရင်းကျဆုံးသွားသည့် ဗြိတိသျှလူမျိုး ပရဟိတသမားကို ဂုဏ်ပြု

ဘက်ရှော၏ ရုပ်ကြွင်းကို ၎င်းမိသားစုနေထိုင်ရာ နယူးဇီလန်သို့ ပြန်လည်ပို့ဆောင်မည် ဖြစ်သည်။

By Admin 30 Jan 2023

ယူကရိန်းရှေ့တန်းတွင် အရပ်သားများကို ကယ်ထုတ်ရင်းကျဆုံးသွားသည့် ဗြိတိသျှလူမျိုး ပရဟိတသမားကို ဂုဏ်ပြု

ဓာတ်ပုံ - AFP

တိုက်ပွဲများဖြစ်ပွားနေသည့် ယူကရိန်းဒွန်းညက်ဒေသတွင် အရပ်သားများကို ကယ်ထုတ်ပေးနေစဉ် ကျဆုံးသွားသည့် ဗြိတိသျှလူမျိုး ပရဟိတသမား အင်ဒရူးဘက်ရှောအတွက် ဝမ်းနည်းပူဆွေးနေကြသူများသည် တနင်္ဂနွေနေ့က ကီယက်ဗ်ရှိ ဘုရားကျောင်းတစ်ခုတွင် စုဝေးရောက်ရှိခဲ့ကြသည်။

ပြီခဲ့သော သီတင်းပတ်များအတွင်း ယူကရိန်းနှင့် ရုရှားတို့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဆိုလက်ဒါမြို့တွင် အသက် ၄၇ နှစ်အရွယ် ဘက်ရှောနှင့် အသက် ၂၈ နှစ်အရွယ် ခရစ္စပယ်ရီတို့သည် ဇန်နဝါရီလ အစောပိုင်းက ပျောက်ဆုံးသွားခဲ့သည်။

၎င်းတို့သေဆုံးကြောင်းကို နောက်ပိုင်းတွင် နှစ်ဦးလုံး၏ မိသားစုဝင်များက အတည်ပြုခဲ့သည်။ 

သူတို့နှစ်ဦးသည် “ဆိုလက်ဒါမှ အဘွားအိုတစ်ဦးကို ကယ်ထုတ်ရန် ကြိုးပမ်းနေစဉ် ၎င်းတို့၏ကားပေါ်သို့ လက်နက်ကြီး ကျရောက်ထိမှန်ခဲ့သည်” ဘက်ရှော၏ ဆွေမျိုးများ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ သို့သော်လည်း အဖြစ်အပျက်နှင့် ပတ်သက်၍ အနည်းငယ်သာ သိရှိထားရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆိုလက်ဒါကို ယူကရိန်းလက်မှ အနိုင်တိုက်ယူခဲ့သည့် ရုရှားစစ်အုပ်စု ဝဂ္ဂနာ၏ အကြီးအကဲက ပျောက်ဆုံးနေသူများအနက် တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိထားကြောင်း ဇန်နဝါရီလ ၁၁ ရက်နေ့က ပြောကြားခဲ့သည်။

တိုက်ပွဲများအကြားမှ အရပ်သားများကို အရဲစွန့် ကယ်ထုတ်နေကြသည့် အခြားသော လုပ်ဖော်ကိုင်ဖက်များသည် မြို့တော်ကီယက်ဗ်ရှိ စိန့်ဆိုဖီယာကသီဒရယ် ဘုရားကျောင်း၌  ဘက်ရှောအမှတ်တရ အဖြစ် စုရုံးရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။

ဘက်ရှော၏ ရုပ်ကြွင်းကို ၎င်းမိသားစုနေထိုင်ရာ နယူးဇီလန်သို့ ပြန်လည်ပို့ဆောင်မည် ဖြစ်သည်။

ပယ်ရီအတွက် အမှတ်ရအောက်မေ့ပွဲကိုလည်း ၎င်းနှင့် နီးစပ်သူမိတ်ဆွေများက စီစဉ်ကြမည်ဟု ပရဟိတဝန်ထမ်း တစ်ဦးက အင်စတာဂရမ်တွင် ရေးသားထားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဗီဒီယိုများ