WHO ၏ အနောက်ပစိဖိတ်ဒေသ ညွှန်ကြားရေးမှူး လုပ်ငန်းခွင်အဆင်မပြေမှုကြောင့် အလုပ်ထုတ်ခံရ

လုပ်ငန်းရပ်ဆိုင်းခံလိုက်ရသူ တာကဲရှိကာဆိုက်သည် ဂျပန်လူမျိုး ဆရာဝန်တစ်ဦးဖြစ်ကာ WHO ၏ လုပ်ငန်းနယ်မြေ ၃၇ ခု၏ အကြီးအကဲဖြစ်ပြီး မနီလာမြို့တွင် ရုံးချုပ်ရှိသည်။

By Admin 09 Mar 2023

ဓာတ်ပုံ - AFP
ဓာတ်ပုံ - AFP

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် အဖွဲ့၏ အနောက်ပစိဖိတ်ဒေသ ညွှန်ကြားရေးမှူး တာကဲရှိကာဆိုက်အား လုပ်ငန်းတာဝန်များမှ ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။ လူမျိုးရေးခွဲခြားမှု၊ ရင့်ရင့်သီးသီး ပြောဆိုပြုမူမှု၊ အာဏာရှင်ဆန်ဆန် ပြုမူမှုတို့ ပြုလုပ်လျက်ရှိကြောင်း ဝန်ထမ်းများက စွပ်စွဲပြောကြားမှုများ ထွက်ပေါ်ခဲ့ပြီးနောက်တွင် သူ့ကို အရေးပါသည့် အဆိုပါရာထူးနေရာမှ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

လုပ်ငန်းရပ်ဆိုင်းခံလိုက်ရသူ တာကဲရှိကာဆိုက်သည် ဂျပန်လူမျိုး ဆရာဝန်တစ်ဦးဖြစ်ကာ WHO ၏ လုပ်ငန်းနယ်မြေ ၃၇ ခု၏ အကြီးအကဲဖြစ်ပြီး မနီလာမြို့တွင် ရုံးချုပ်ရှိသည်။
ကာဆိုက်သည် လုပ်ငန်းခွင်၌ လက်မခံနိုင်သော အပြုအမူများ ပြုလုပ်နေသည်ဆိုသော စွပ်စွဲပြောကြားချက်များအား WHO သည် ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်နှင့် ၂၀၂၀ ခုနှစ်တို့အတွင်းတွင် လက်ခံရရှိခဲ့သည်။

“လုပ်ငန်းခွင် အခွင့်အရေးချိုးဖောက်မှုများအပေါ် သည်းခံပေးရန်မရှိသည့် အဖွဲ့၏ မူဝါဒနှင့်အညီ အဆိုပါစွပ်စွဲမှုများကို စုံစမ်းစစ်ဆေးပြီး အပြန်အလှန် သုံးသပ်ခဲ့ပါသည်” ဟု WHO က ပြောကြားသည်။

WHO ၏ စီမံခန့်ခွဲရေး ၃၄ နိုင်ငံဘုတ်အဖွဲ့က ဂျီနီဗာတွင် အထူးအစည်းအဝေးတစ်ရပ်ကို နှစ်ရက်ကြာ ကျင်းပပြီးနောက်တွင် ယခုကဲ့သို့ ရာထူးမှဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

လုပ်ငန်းခွင်အဆင်မပြေမှုများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိကြောင်း စွပ်စွဲခံနေရသည့် WHO အတွက် ယခုဆောင်ရွက်ချက်သည် ပထမဆုံးလုပ်ရပ်လည်း ဖြစ်သည်။

ကာဆိုက်ကို ရာထူးမှနုတ်ထွက်နိုင်မည့် အခွင့်အရေး ၁၁ နာရီကြာ ပေးခဲ့သော်လည်း သူလည်း နုတ်မထွက်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက အေအက်ဖ်ပီသို့ ဖြေကြားထားသည်။

WHO တွင် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးစုစုပေါင်း ၆ ဦးရှိပြီး ၎င်းတို့သည် လုပ်ပိုင်ခွင့်လည်း အများအပြား ရရှိထားသည်။ အဆိုပါရာထူးကို ဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများက ရွေးချယ်ပြီးနောက်တွင် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး ဘုတ်အဖွဲ့က ရာထူးခန့်အပ်ခြင်း ဖြစ်သည်။

ကာဆိုက်သည် ယခုရာထူးကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ထမ်းဆောင်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ကာဆိုက်နှင့် ပတ်သက်သည့် စွပ်စွဲချက်အများအပြား ထွက်ပေါ်ခဲ့မှုကို အေပီသတင်းဌာနက ဖော်ပြခဲ့သည်။ ကာဆိုက်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလတည်းက ဌာနတွင်းဝန်ထမ်း ဒါဇင်ပေါင်းများစွာက တိုင်ကြားခဲ့ကြကြောင်း အေပီ၏ စုံစမ်းချက်များအရ သိရသည်။

ကာဆိုက်သည် ရုန့်ရင်းကြမ်းတမ်းပြီး လူမျိုးရေးခွဲခြားသူ ဖြစ်ကာ အာဏာရှင်ကဲ့သို့ ပြုမူသည်ဟု တိုင်ကြားချက်တစ်စောင်တွင် ဖော်ပြထားသည်။ ထို့ပြင်သူသည် မနီလာရှိ ဒေသဆိုင်ရာရုံးချုပ်တွင် အဆိပ်အတောက်ဖြစ်စေသည့် လုပ်ငန်းပတ်ဝန်းကျင် ဖန်တီးထားပြီး စနစ်တကျ အနိုင်ကျင့်ခြင်း၊ လူသူရှေ့တွင် မသင့်လျော်သည့် အပြုအမူများ ပြုလုပ်ခြင်းမျိုး ရှိသည်ဟုလည်း စွပ်စွဲခံခဲ့ရသူဖြစ်သည်။

ဗီဒီယိုများ