WHO ယာဉ်မောင်း ဝန်ထမ်းတစ်ဦး အသတ်ခံရမှု စုံစမ်းဖော်ထုတ်ပေးရန် ကုလတောင်းဆို

မွန်ပြည်နယ်၊ မော်လမြိုင် မြို့တွင် ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) ၏ ယာဉ်မောင်းဝန်ထမ်းတစ်ဦး အသတ်ခံရမှုအပေါ် စုံစမ်းဖော်ထုတ်ပေးရန် ကုလသမဂ္ဂအဖွဲ့မှ မနေ့က ဇွန်လ ၉ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

10 Jun 2022

ဇွန်လ ၈ ရက် ညနေပိုင်းက WHO ဝန်ထမ်းအသတ်ခံရမှုကြောင့် ရဲအဖွဲ့မှစစ်ဆေးနေစဉ်။ (ဓါတ်ပုံ - CJ)

DMG ၊ ဇွန် ၁၀

မွန်ပြည်နယ်၊ မော်လမြိုင် မြို့တွင် ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) ၏ ယာဉ်မောင်းဝန်ထမ်းတစ်ဦး အသတ်ခံရမှုအပေါ် စုံစမ်းဖော်ထုတ်ပေးရန် ကုလသမဂ္ဂအဖွဲ့မှ မနေ့က ဇွန်လ ၉ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

WHO အဖွဲ့တွင် ဦးမျိုးမင်းထွဋ်မှ လုပ်သက် (၅) နှစ်ကြာ ယာဉ်မောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ သတ်ဖြတ်ခံရမှုနှင့် ပက်သက်ပြီး အသေးစိတ်မသိရှိရသေးကြောင်းလည်း ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှုးရုံးမှ မနေ့က ထုတ်ပြန်ထားသည်။

ယင်းအပြင် ဦးမျိုးမင်းထွဋ် အသတ်ခံရမှုနှင့်ပက်သက်ပြီး စိတ်မကောင်းဖြစ်ရကာ အဆိုပါဖြစ်ရပ်နှင့် ပက်သက်ပြီး ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်နှင့် ကျူးလွန်သူများအား ဖော်ထုတ်ရန် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စတာ Ramanathan Balakrishnan က တောင်းဆိုထားသည်။

“ ကုလသမဂ္ဂအနေနဲ့ ကုလသမဂ္ဂနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘက်မလိုက်မှုကို လေးစားလိုက်နာဖို့ ကဏ္ဍပေါင်းစုံနဲ့ သက်ဆိုင်သူတွေအားလုံးကို ပန်ကြားထားပါတယ်။ အရပ်သားများရဲ့ အခွင့်အရေးနှင့်လုံခြုံမှုကိုကာကွယ်ရန် ပါတီအားလုံးသည် အရပ်သားများအပေါ် အကြမ်းဖက်မှု လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချပါသည်။ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ဘက်မလိုက်သော စုံစမ်းစစ် ဆေးမှုများ ပြုလုပ်ရန်နှင့် ကျူးလွန်သူများအား တာဝန်ခံရန် ကုလသမဂ္ဂက မျှော်လင့်ပါသည် ” ဟု မစ္စတာ Ramanathan Balakrishnan က တောင်းဆိုထားသည်။

ဦးမျိုးမင်းထွဋ်မှာ ဇွန်လ ၈ ရက် ညနေပိုင်းအချိန်တွင် မော်လမြိုင်မြို့၊ သံလွင်ဥယျာဉ်လမ်းမအနီးတွင် ဆိုင်ကယ်မောင်းနှင်လာစဉ် အမည်မသိ လက်နက်ကိုင်လူတစုက သေနတ်ဖြင့် ပစ်ခတ်သတ်ခဲ့မှုကြောင့် အသက်သေဆုံးခဲ့ရကြောင်း မော်လမြိုင်မြို့ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ မနေ့ ညနေပိုင်းက သံလွင်ဥယျာဉ်အနီးလမ်းမမှာ ဆိုင်ကယ်နဲ့ သွားနေတုန်း အပစ်ခံရတာ။ ကျွန်တော်တို့ အဖွဲ့ရောက်တော့ အသက်သေဆုံးနေပြီ ” ဟု ၎င်းက ပြောသည်။

အဆိုပါ ကိစ္စကြောင့် လက်ရှိတွင် မော်လမြိုင်မြို့ အဝင်အထွက်ရှိ ယာဉ်အသွားအလာများကို အာဏာပိုင်များက စစ်ဆေးရေး ပိုမိုတင်းကြပ်ထားကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

“ အခုအထိ မော်လမြိုင်မြို့တွင်းမှာရော မြို့ပြင်မှာပါ စစ်ဆေးတာ ပိုပြီးတင်းကြပ်သွားတယ်။ အရင်က စစ်ဆေးတာသိပ်မရှိဘူးပေါ့။ အခု WHO ဝန်ထမ်းအသတ်ခံရတယ်ဆိုတဲ့ ကိစ္စကြောင့် မနေ့ညပိုင်းကနေ အခုညနေအထိ စစ်ဆေးတာတွေ အရင်ထက်ပိုတင်းကြပ်နေပါတယ် ” ဟု အဆိုပါမြို့ခံက ဆိုသည်။

ထိုပစ်ခတ်ခံရမှုမှာ မည်သူမည်ဝါနှင့် မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို အတိတိကျ မသိရသေးပေ။

အလားတူ ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာလ ၂၄ ရက်နေ့က ကယားပြည်နယ် ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီးတွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် Save The Children ဝန်ထမ်းနှစ်ဦးအပါအဝင် ၃၅ ဦး သေဆုံးသွားခဲ့သည်။

ဗီဒီယိုများ