၂၀၂၂ တွင် မြန်မာနိုင်ငံ၌ ဘိန်းစိုက်ဧက တစ်သိန်းနီးပါးအထိ မြင့်တက်ခဲ့ကြောင်း ကုလထုတ်ပြန်

ဘိန်းစိုက်ပျိုးမှုသည် ၂၀၁၄ မှ ၂၀၂၀ အထိ တောက်လျှောက်ကျဆင်းနေခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်တွင် ၃၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်း ဖြစ်သည်။

By Admin 27 Jan 2023

၂၀၂၂ တွင် မြန်မာနိုင်ငံ၌ ဘိန်းစိုက်ဧက တစ်သိန်းနီးပါးအထိ မြင့်တက်ခဲ့ကြောင်း ကုလထုတ်ပြန်

ဓာတ်ပုံ - UNODC

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ပြီးခဲ့သည့်နှစ်တွင် ၃၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကာ စိုက်ပျိုးမြေ ၉၉၀၀၀ ဧက အထိ ရှိခဲ့ကြောင်း မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) က ကြာသပတေးနေ့ ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

ယခုကဲ့သို့ မြင့်တက်လာခြင်းသည် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများနှင့် တိုက်ရိုက် ဆက်စပ်နေသည်ဟု UNODC ဖော်ပြသည်။

ဘိန်းစိုက်ပျိုးမှုသည် ၂၀၁၄ မှ ၂၀၂၀ အထိ တောက်လျှောက်ကျဆင်းနေခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်တွင် ၃၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်း ဖြစ်သည်။

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာရယူခဲ့ပြီးနောက် ဖြစ်ပေါ်လာသည့် စီးပွားရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်မှုအခက်အခဲများ စုပြုံလာသည့်အခါ နယ်စွန်ဒေသ အထူးသဖြင့် ပဋိပက္ခအဖြစ်များသည့် ဒေသများမှ လယ်သမားများသည် ဘိန်းဖက်သို့ ပြန်လှည့်ရန်မှတပါး ရွေးချယ်စရာ မရှိသလောက် ဖြစ်သွားသည်” ဟု UNODC ၏ ဒေသဆိုင်ရာအကြီးအကဲ ဂျယ်ရမီဒေါက်ဂလက်က ပြောကြားသည်။

စိုက်ပျိုးဧရိယာများသည် ၂၀၂၂ ခုနှစ်တွင် ၄၀၁၀၀ ဟက်တာ (၉၉၀၀၀ ဧက) အထိ ရှိခဲ့သည်။ တရုတ်၊ ထိုင်း၊ လာအိုတို့နှင့် ထိစပ်နေသည့် ရှမ်းပြည်အရှေ့ပိုင်းတွင် စိုက်ပျိုးမှုအများဆုံး ဖြစ်ကာ ၃၉ ရာခိုင်နှုန်းအထိ ရှိသည်။ ၎င်းနောက်တွင် ချင်းက ၁၄ ရာခိုင်နှုန်း၊ ကယားက ၁၁ ရာခိုင်နှုန်းနှင့် ကချင်တွင် ၃ ရာခိုင်နှုန်းခန့်အထိ မြင့်တက်ခဲ့သည်။

အထွက်နှုန်းမှာလည်း တစ်ဟက်တာလျှင် ၂၀ ကီလိုဂရမ်အထိရှိသဖြင့် UNODC က မှတ်တမ်းစတင်ကောက်ယူခဲ့သည့် ၂၀၀၂ ခုနှစ်နောက်ပိုင်းတွင် အမြင့်ဆုံးတန်ဖိုးဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘိန်းစိုက်တောင်သူများ၏ ရောင်းရငွေသည် ၂၀၂၂ ခုနှစ်တွင် ၆၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ဘိန်း တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၂၈၀ ခန့်ရရှိကြသည်ဟု UNODC ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 “တကယ်တမ်းကျတော့ ဘိန်းစိုက်တယ်ဆိုတာဟာ စီးပွားရေးကြောင့်ပါပဲ။ ဘိန်းခင်းတွေကို ဖျက်ဆီးရုံနဲ့ ဒီကိစ္စက ပြေလည်သွားမှာ မဟုတ်ပါဘူး” ဟု UNODC ၏ မြန်မာနိုင်ငံဆိုင်ရာ စီမံခန့်ခွဲရေးမှူး ဘင်နီဒစ် ဟော့မန်းက မှတ်ချက်ပြုသည်။

“အစားထိုးစရာ မရှိဘူး၊ စီးပွားရေးလည်း မတည်ငြိမ်ဘူး ဆိုရင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုက ဆက်လက်ကြီးထွားနေဦးမှာပါပဲ” ဟု သူကဆိုသည်။

ဘိန်းထုတ်လုပ်မှုမှ နှစ်စဉ်ရရှိသော ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၂ ဘီလျံအထိ ရှိနိုင်ပြီး မူးယစ်ဆေးအများစုမှာ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် ကမ္ဘာ့စျေးကွက်သို့ ရောက်ရှိသွားခြင်း ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။

ဗီဒီယိုများ