ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်

ဟားမားစ်အဖွဲ့က ယခုတိုက်ခိုက်မှုသည် ၎င်းတို့၏အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အစ္စရေး၏ ကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့ဟု ဆိုသည်။

By Admin 10 Sep 2025

အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကာတာနိုင်ငံ ဒိုဟာမြို့တွင် ပျက်စီးသွားသည့် အဆောက်အအုံတစ်ခုအား ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)
အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကာတာနိုင်ငံ ဒိုဟာမြို့တွင် ပျက်စီးသွားသည့် အဆောက်အအုံတစ်ခုအား ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)

အစ္စရေးသည် စက်တင်ဘာလ ၉ ရက်နေ့တွင် ကာတာနိုင်ငံ ဒိုဟာမြို့၌ ရှိနေသည့် ဟားမားစ်နိုင်ငံရေးခေါင်းဆောင်များကို လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဟားမားစ်အဖွဲ့က ယခုတိုက်ခိုက်မှုသည် ၎င်းတို့၏အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အစ္စရေး၏ ကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့ဟု ဆိုသည်။

အစ္စရေး၏ တိုက်ခိုက်မှုတွင် ဟားမားစ်အဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပြီး သေဆုံးသူများအနက် အဖွဲ့၏ ဂါဇာခေါင်းဆောင်ဟောင်းနှင့် ထိပ်တန်းဆွေးနွေးရေးမှူး ခါလီလ် အယ်လ်-ဟေယာ၏သားလည်း ပါဝင်သွားခဲ့ကြောင်း ဟားမားစ်အဖွဲ့ဘက်က ပြောကြားခဲ့သည်။

အစ္စရေးက ၎င်းတို့၏တိုက်ခိုက်မှုများသည် မှန်ကန်ကြောင်း ခုခံပြောကြားခဲ့သော်လည်း ကာတာကမူ အစ္စရေးသည် ကောက်ကျစ်စဉ်းလဲပြီး ယုံကြည်၍မရကြောင်းနှင့် "နိုင်ငံတော်အဆင့်အကြမ်းဖက်မှု" ကို လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဆော်ဒီအာရေဗျ၊ အီဂျစ်၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့၏ ပြစ်တင်ရှုတ်ချမှုများ ထွက်ပေါ်လာခဲ့ပြီး ဂါဇာအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများနှင့် ၂ နှစ်နီးပါးကြာမြင့်နေသော ပဋိပက္ခကို ညှိနှိုင်းဖြေရှင်းရန် သမ္မတ ထရမ့်၏ ကြိုးပမ်းအားထုတ်မှုများကိုပါ ထိခိုက်စေမည့် အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေး၏တိုက်ခိုက်မှုနှင့်ပတ်သက်၍ "ဘယ်ရှုထောင့်မှ ကြည့်ကြည့် အလွန်အမင်း စိတ်မသက်မသာဖြစ်စရာ" ဟု ပြောကြားခဲ့ပြီး ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဗုဒ္ဓဟူးနေ့တွင် အပြည့်အစုံ ထုတ်ပြန်ကြေညာချက်ပေးမည်ဟု ဆိုသည်။

ကာတာသည် အမေရိကန်၏ လုံခြုံရေးမဟာမိတ်နိုင်ငံဖြစ်ပြီး အရှေ့အလယ်ပိုင်း၌ အကြီးဆုံးဖြစ်သော အမေရိကန်၏စစ်ရေးစခန်း အယ်လ်-အူဒေအိဒ် လေတပ်စခန်း အခြေစိုက်ရာနေရာမှာလည်း ကာတာ ဖြစ်သည်။

ကာတာသည် ဂါဇာအပစ်အခတ်ရပ်စဲရေးအတွက် အစ္စရေးနှင့် ဟားမားစ်အကြား ဆွေးနွေးမှုများတွင် အီဂျစ်နှင့်အတူ ကြားဝင်စေ့စပ်သူအဖြစ် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ယင်းဆွေးနွေးမှုများမှာ ပို၍ အစိုးမရနိုင်သည့် အခြေအနေသို့ ရောက်သွားခဲ့ပြီလည်း ဖြစ်သည်။