အန္တရာယ်တွေပိုပေးဦးမယ့် ရုရှား-မြန်မာဆက်ဆံရေး
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း မော်စကိုကို သွားရောက်လည်ပတ်တဲ့ အခါမှာတော့ မင်းအောင်လှိုင်က ရုရှားသမ္မတနဲ့ တွေ့ခွင့်ရခဲ့ပြီး တိုက်လေယာဉ်တွေ ထုတ်လုပ်တဲ့ စက်ရုံတစ်ရုံကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။
31 Jan 2023
မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ ခုနှစ် ဇွန်လတွင် မော်စကိုမြို့၌ လက်နက်များ ကြည့်ရှုလေ့လာနေစဉ်။/ ဓာတ်ပုံ - Cincds
DMG (ဘာသာပြန်ဆောင်းပါး)
မြန်မာစစ်ကောင်စီက အရပ်သားလူထုအပေါ် ဗုံးကြဲပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေချိန်မှာပဲ အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အပေါ်ကိုလည်း ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။၊ အခုလို ပြင်းထန်လာနေတဲ့စစ်ပွဲတွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အတွက် မြန်မာစစ်ကောင်စီအနေနဲ့ ရုရှားနိုင်ငံကို ဆပ်စရာကျေးဇူးကြွေးတွေက ပိုပြီးများပြားလာခဲ့ပါတယ်။
မကြာသေးတဲ့လတွေအတွင်း မြန်မာလေတပ်ဟာ တော်လှန်ရေးသမားတွေ သွားလာလှုပ်ရှားနေကြတဲ့ နယ်မြေဒေသတွေအပေါ် ရုရှားလုပ် Yak-130 ဂျက်တိုက်လေယာဉ်တွေနဲ့ Mi-35 ရဟတ်ယာဉ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက မကြာခဏဆိုသလို အရပ်သားတွေကို ထိမှန်လေ့ရှိတဲ့အတွက် စစ်ဘက် အရပ်ဘက် မခွဲခြားဘဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေက စစ်ရာဇဝတ်မှုတွေနဲ့ တူညီနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက လက်ခံရရှိခဲ့တဲ့ လေယာဉ် ၅ စင်းအပါအဝင် ထိုင်ခုံနှစ်လုံးပါတဲ့ Yak-130 ဂျက်တိုက်လေယာဉ်တွေ အနည်းဆုံး အစင်း ၂၀ နီးပါးရှိနေပါတယ်။ ဒီလေယာဉ်တွေက လေယာဉ်မှူးတွေ အမောင်းသင်လေ့ကျင့်ဖို့ပုံစံ ထုတ်ထားပေမယ့် ခုခံတော်လှန်ရေး နှိမ်နင်းမှုစစ်ဆင်ရေးတွေမှာလည်း ပုံမှန်အသုံးပြုလေ့ရှိပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း စစ်ကိုင်းတိုင်းမြောက်ပိုင်းမှာ စစ်ဆင်ရေးဆောင်ရွက်နေတဲ့ ရုရှားလုပ် Kamov KA-29 TB ချေမှုန်းရေးနဲ့ ပို့ဆောင်ရေး ရဟတ်ယာဉ်တစ်စင်းရဲ့ ဓာတ်ပုံတွေ ရရှိထားတယ်လို့ ဂျိန်းစ် သတင်းအချက် အလက်ဆိုင်ရာအုပ်စုက ထုတ်ပြန်ခဲ့ပါတယ်။ ဒီရဟတ်ယာဉ်က ဒီနှစ်အစောပိုင်းမှာ မြန်မာစစ်တပ်က ဝယ်ယူဖို့ သဘောတူထားခဲ့တဲ့ စက်သေနတ်တင်ရဟတ်ယာဉ် ၅ စင်းထဲက တစ်စင်းဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။
သိပ်မှမကြာသေးတဲ့ နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံကို ၄ စင်း သို့မဟုတ် ၆ စင်း ပေးပို့ခဲ့ပါသေးတယ်။ သတင်းတွေမှာ ဖော်ပြချက်အရတော့ အစင်းရေကွဲလွဲချက်တွေ ရှိနေပါတယ်။ ရုရှားလုပ် Sukhoi Su-30 ဘက်စုံသုံး တိုက်လေယာဉ်တွေမှာလည်း ရုရှားလေ့ကျင့်ရေးဆရာတွေ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ ပြည့်နှက်နေပါတယ်။ သူတို့တွေဟာ ရုရှားတိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ထိန်းသိမ်းရာမှာ ကူညီပေးနေရုံသာမကဘဲ ပစ်ခတ်သတ်ဖြတ်မှုတွေ အတွက်ပါ အကြံဉာဏ်တွေ ပေးနေတာမျိုး ဖြစ်နိုင်ပါတယ်။ ရုရှားစစ်သင်တန်းဆရာတွေကိုလည်း မြန်မာနိုင်ငံထဲက လေယာဉ်ကွင်းတွေမှာ တွေ့မြင်ခဲ့ကြရပါတယ်။
မြန်မာစစ်ကောင်စီအနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကောင်းကောင်းမွန်မွန် ခုခံကာကွယ်နိုင်စွမ်း မရှိသေးတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအပေါ် လေကြောင်းတိုက်ခိုက်မှု အရှိန်တိုးမြှင့်လာခဲ့တာနဲ့ လက်နက်တွေ၊ အထောက်အကူပစ္စည်း ပေးပို့မှုတွေနဲ့ အကူအညီတွေ ရရှိနေတာတွေအတွက် မော်စကိုအပေါ် မှီခိုအားထားနေရပါတယ်။ အားသာချက်၊ အားနည်းချက် နှစ်မျိုးလုံးအတွက် အရင်းအမြစ်တွေဖြစ်တဲ့ ဖော်ပြပါအချက်တွေက အနာဂတ် ပြည်တွင်းစစ်ရဲ့ လမ်းကြောင်းအပေါ် သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာပါစေလိမ့်မယ်။
ယူကရိန်းအပေါ် ကျူးကျော်စစ် ဆင်နွှဲနေရတာဟာ မော်စကိုအတွက် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဖြစ်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေထဲမှာ လူအင်အား လက်နက်အင်အား ဆုံးရှုံးမှု အများဆုံး ဖြစ်ရပ်ပါ။ ဘယ်လို ရိုးသားမှုနဲ့ပဲတိုင်းတိုင်း၊ စစ်ပွဲတွေကြောင့် ဘေးဒုက္ခတွေကတော့ ဖြစ်လာရတာပါပဲ။ မြန်မာနိုင်ငံလို ဝေးလံသီခေါင်တဲ့ ဖောက်သည်နိုင်ငံတွေဆီ ပေးပို့နိုင်ဖို့အတွက် ရုရှားမှာ ပိုလျှံနေတဲ့ စစ်ဘက်ဆိုင်ရာ စက်ပစ္စည်းတွေနဲ့ အစိတ်အပိုင်းတွေက လုံလောက်မှုရှိ၊ မရှိဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
မြန်မာစစ်ကောင်စီက ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်စစ်ကို ထောက်ခံကြောင်း မကြာခဏဆိုသလိုပဲ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီလိုတွေပြောဆိုမှုတွေ အတွင်းမှာပဲ မြန်မာစစ်အုပ်စုက မော်စကိုနဲ့ မဟာမိတ်ဆက်ဆံရေးကို တိုးမြှင့်ဖို့ ပြီးခဲ့တဲ့နှစ်အတွင်း ကြိုးပမ်းနေတာကို တွေ့မြင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၇ ရက်နေ့က စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က ရုရှားစစ်တပ်အနေနဲ့ “မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးအတွက် တရားမျှတမှုရှိတဲ့အရာကို ဆောင်ရွက်ခဲ့ခြင်း” ဖြစ်ပြီး ဒီစစ်ပွဲက မော်စကိုရဲ့ “ကမ္ဘာ့အင်အား ကြီးနိုင်ငံအဖြစ် ရပ်တည်နေမှု” ကို သက်သေပြခဲ့တယ်လို့ ပြောခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း ရုရှားနိုင်ငံကို အနည်းဆုံး ၃ ခေါက်အထိ သွားရောက်ခဲ့ပါတယ်။ “ရုရှားရဲ့ကျေးဇူးကြောင့် မိမိတို့စစ်တပ်ကလည်း ဒေသအတွင်း အင်အားအကောင်းဆုံးတစ်ခု ဖြစ်လာခဲ့ရပါတယ်” လို့ ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်းကပဲ ရုရှားကာကွယ်ရေးဝန်ကြီးကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း မော်စကိုကို သွားရောက်လည်ပတ်တဲ့ အခါမှာတော့ မင်းအောင်လှိုင်က ရုရှားသမ္မတနဲ့ တွေ့ခွင့်ရခဲ့ပြီး တိုက်လေယာဉ်တွေ ထုတ်လုပ်တဲ့ စက်ရုံတစ်ရုံကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်း မော်စကိုက ဗိုလ်ချုပ်မှူးကြီးကို “ဝန်ကြီးချုပ်”အဖြစ် တရားဝင်ရည်ညွှန်း ခေါ်ဝေါ်ခဲ့ခြင်းအားဖြင့် ဒီမိုကရေစီကို ရပ်ဆိုင်းစေခဲ့တဲ့စစ်အုပ်စုက မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရဖို့ ကြိုးပမ်းနေတဲ့အပေါ် ရုရှားက ထောက်ခံမှုပေးခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ်လောက်ကတော့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေအတွက် တရုတ်အပေါ် မှီခိုနေရပါတယ်။ ဒါကိုလျှော့ချနိုင်ဖို့အတွက် စစ်ဗိုလ်ချုပ်တွေက နည်းလမ်းတွေရှာဖွေနေချိန်မှာပဲ မြန်မာနဲ့ရုရှားတို့ရဲ့ အထူးဆက်ဆံရေးကြီး စတင်လာခဲ့ပါတော့တယ်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အင်အားသုံးဖြိုခွဲပြီးတဲ့နောက် မြန်မာနိုင်ငံကို အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားတဲ့ ကာလတွေအတွင်း ဘေဂျင်းက ကွက်လပ်ဖြည့်ပေးခဲ့ပါတယ်။
၁၉၉၀ ခုနှစ်တွေအတွင်း ရုရှားနိုင်ငံရဲ့ အရေးပါတဲ့လူတွေ စတင်လာရောက် လည်ပတ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး အဆက်အသွယ်တွေ ထူထောင်ခဲ့ကြပါတယ်။ ၂၀၀၁ ခုနှစ်အတွင်း MiG-29 ဂျက်တိုက်လေယာဉ် ၄ စင်း မော်စကိုက မြန်မာနိုင်ငံကို စတင်ရောင်းချခဲ့ပြီး နောက်တစ်နှစ်မှာတော့ MiGs ၁၀ စင်း ထပ်ပြီးရောင်းချခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး ရုရှားက မြန်မာစစ်ဗိုလ်ချုပ်တွေကို Hind Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ ၊ Mi-17 သယ်ယူ ပို့ဆောင်ရေးရဟတ်ယာဉ်တွေ၊ Yak-130 မြေပြင်တိုက်ခိုက်ရေးလေယာဉ်တွေ၊ အပေါ့စားသံချပ်ကာယာဉ်တွေ အပြင် စက်သေနတ်ကြီးတွေနဲ့ ဒုံးပစ်စင်တွေ ရောင်းချခဲ့ပါတယ်။
၁၉၉၀ အစောပိုင်းနှစ်တွေကတည်းက အရေအတွက် ၅၀၀၀ နီးပါးရှိတဲ့ မြန်မာစစ်မှုထမ်းတွေနဲ့ သိပ္ပံပညာရှင်တွေ ရုရှားနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာကျောင်းတွေမှာ ပညာသင်ကြားခဲ့ကြပြီး ရုရှားရဲ့ စစ်အေးခေတ်ဟောင်းတုန်းက မဟာမိတ်ဖြစ်ခဲ့တဲ့ ဗီယက်နမ်အပါအဝင် ကျန်အရှေ့တောင်အာရှ နိုင်ငံတွေအားလုံးထက် အများဆုံးဖြစ်ပါတယ်။
၂၀၀၇ ခုနှစ်မှာတော့ ရုရှားနိုင်ငံက အနုမြူဓာတ်ပေါင်းဖိုတစ်ခုကို မြန်မာနိုင်ငံမှာ တည်ဆောက်ဖို့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပေမယ့် ကုန်ကျစရိတ်ကြောင့် ဆောက်လုပ်မှုနှေးကွေးခဲ့ရပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအာဏာသိမ်းမှု မဖြစ်ခင်ကတည်းက Drawing Board ပေါ်မှာ တွေ့ရတော့ပါဘူး။
ဒါပေမယ့် ရုရှားနိုင်ငံပိုင် ရိုဆာတမ် (Rosatom) ကုမ္ပဏီရဲ့ ညွှန်ကြားရေးမှူး အလက်ဇီ လီခါချက်ဗ် (Alexey Likhachev) နဲ့ စစ်ကောင်စီကခန့်ထားတဲ့ သိပ္ပံနဲ့နည်းပညာဝန်ကြီး ဦးကျော်မျိုးသိန်း တို့က ပြီးခဲ့တဲ့နှစ် ဇူလိုင်လကပဲ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီစာချွန်လွှာမှာ “အနုမြူစွမ်းအင်ကဏ္ဍမှာ လေ့ကျင့်ရေး၊ ကျွမ်းကျင်မှုနဲ့ဖွံ့ဖြိုးတိုးတက်ရေးမှာ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံမှာ အနုမြူစွမ်းအင်နဲ့ပတ်သက်ပြီး လူထုရဲ့အမြင်ကို အပြုသဘောဆောင်တဲ့ပုံစံဆီ ပြောင်းလဲလာစေရေး” စတဲ့အချက်တွေ ပါဝင်ပါတယ်။
စက်တင်ဘာလမှာတော့ လီခါချက်ဗ် က ဗလာဒီဗော့စတော့မြို့မှာ ကျင်းပခဲ့တဲ့ အရှေ့ပိုင်းဒေသ စီးပွားရေးဖိုရမ်ဆွေးနွေးပွဲပြင်ပမှာ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ အပိုင်းလိုက် တစ်ခုချင်းတွဲဆက်နိုင်တဲ့ အနုမြူဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်ရေးအတွက် ဖြစ်နိုင်ခြေအပေါအဝင် အနုမြူစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အားကောင်းလာစေဖို့အတွက် နှစ်နိုင်ငံအကြား သဘောတူခဲ့ကြပါတယ်။
ဒီလို ဆူဆူညံညံကြေညာချက် ထွက်လာခဲ့ပေမယ့် အနောက်နိုင်ငံတွေရဲ့ ထောက်လှမ်းမှုတိုးမြှင့်လာမှာကို သေချာပေါက်တွက်ဆနိုင်ပါတယ်။ စစ်ကောင်စီ အဖွဲ့ဝင်တွေရဲ့မျှော်လင့်ချက်ဖြစ်တဲ့ တရုတ်ထက်ရုရှားကို စစ်တပ်ရဲ့အရင်းနှီးဆုံး လုံခြုံရေးမိတ်ဖက်အဖြစ် လောင်းကြေးထပ်ထားတာက ဖြစ်လာနိုင်ဖို့မရှိပါဘူး။
တချို့သုတေသီတွေက ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေကြပြီး ဖြစ်လာခဲ့ရင်တောင် မော်စကိုက နေပြည်တော်ကို စစ်ဘက်ဆိုင်ရာပို့ဆောင်နေမှုတွေကို အရှိန်အဟုန်နဲ့ စပြီးလျှော့ချလာခဲ့မယ်ဆိုရင် မြန်မာစစ်ဗိုလ်ချုပ်တွေအနေနဲ့ သူတို့မာနကို မဖြစ်ဖြစ်အောင်ချိုးနှိမ်ပြီး ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးထားသလို ခေါင်းငုံ့လို့ ဘေဂျင်းဆီ နောက်ထပ် သွားရမှာအမှန်ပါပဲ။
မြန်မာနိုင်ငံကို ဒုံးပျံကာကွယ်ရေးစနစ်တွေနဲ့ တိုက်လေယာဉ်တွေ အပါအဝင် အာဏာမသိမ်းခင်က ချုပ်ဆိုထားခဲ့တဲ့ လက်နက်ရောင်းချရေး သဘောတူညီချက်တွေကို ဆက်ပြီး အကောင်အထည်ဖော်ဖို့ ကတိပေးထားပေမယ့် ဒီစာချုပ်တွေက ရုရှားရဲ့လက်နက် ထောက်ပံ့နေတာတွေအပေါ် အကြီးအကျယ်ထိခိုက်စေတဲ့ ယူကရိန်းစစ်ပွဲမတိုင်ခင်က စာချုပ်တွေပဲဖြစ်ပါတယ်။
ရုရှားသမ္မတပူတင်အနေနဲ့ ယူကရိန်းမှာ အရင်ဆိုဗီယက်ယူနီယံရဲ့ ဂုဏ်သိက္ခာကို ပြန်ပြီးဆယ်တင်နိုင်ဖို့အတွက်နဲ့ မြန်မာနိုင်ငံလို ဗျူဟာမြောက်မဟာမိတ် အသစ်တွေကိုရှာဖွေဖို့ ကြိုးပမ်းနေရတာက ဖုံးကွယ်ထားရမယ့်ကိစ္စ မဟုတ်တော့ပါဘူး။
အိန္ဒိယသမုဒ္ဒရာဆီ ဘေဂျင်းကို တိုက်ရိုက်ဝင်ခွင့်ရထားတဲ့ အိမ်နီးချင်းဖြစ်တဲ့ တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ မဟာဗျူဟာမြောက်အကျိုးစီးပွားတွေ ရှိနေပေမယ့် ရုရှားအတွက်ကတော့ လက်နက်ရောင်းဖို့နဲ့ အခြားကူးသန်းရောင်းဝယ်မှုတွေ ကနေရလာမယ့် ဝင်ငွေတွေအပေါ်ကိုပဲ အမြဲတမ်း စိတ်ဝင်စားနေခဲ့ပါတယ်။
သေချာတာကတော့ ရုရှားဆီကလက်နက်ဝယ်နေတဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာတစ်နိုင်ငံတည်း မဟုတ်ဘဲ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ မလေးရှားလိုနိုင်ငံမျိုးတောင် ပါဝင်နေပါတယ်။ ဒါပေမယ့် မော်စကိုနဲ့မြန်မာ စစ်ဗိုလ်ချုပ်တွေကြားဆက်ဆံရေးက အမြတ်အစွန်းများတဲ့ လက်နက်ရောင်းဝယ်ရေးထက် ကျော်လွန်နေပါတယ်။
ပူတင်ရဲ့သက်ဦးဆံပိုင်စနစ်နဲ့ မြန်မာစစ်ကောင်စီတို့ဟာ အတူတူ လူအထင်သေးခံနေကြရပါတယ်။ စစ်ခေါင်းဆောင်နဲ့ သူ့နောက်လိုက်အဖွဲ့ဝင်တွေက နိုင်ငံမှာအကြမ်းဖက်နေသလို ရုရှားကလည်း ပြောရမယ်ဆိုရင် ယူကရိန်းကို အမှုန့်ကြိတ်ဖို့ ကြိုးစားနေတာပါပဲ။
အမည်မဖော်လိုတဲ့ အာရှတိုက်သား လေ့လာဆန်းစစ်သူတစ်ဦးက “ဒီနှစ်ဖွဲ့စလုံးက အသွေးတူ အမွှေးတူ သဘောထားတစ်ခုတည်း ရှိကြသူတွေ” လို့ပြောပါတယ်။ ရှီရဲ့တရုတ်နိုင်ငံကလည်း တူညီတဲ့သက်ဦးဆံပိုင် အုပ်စုအတွင်း ရှိနေပေမယ့် တရုတ်တွေကို စိုးရိမ်စရာတစ်ခုလို့ မြန်မာစစ်ဗိုလ်ချုပ်တွေက ရှုမြင်ထားပါတယ်။ တစ်ချိန်က အင်အားကြီးခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို ရုရှားက ဘယ်တုန်းကမှ မထောက်ခံခဲ့ပါဘူး။
နှိုင်းယဉ်စရာ စီးပွားရေးကမ်းလှမ်းတာမျိုး မော်စကိုအနေနဲ့မရှိပေမယ့် မယုံကြည်မှုကို အကျိုးရှိရှိ အသုံးချနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဩဂုတ်လအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် က “လုံခြုံရေးနဲ့စီးပွားရေး ဆိုင်ရာကိစ္စရပ်များဆွေးနွေးရန်” ဆိုပြီး မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း စစ်ကောင်စီရဲ့ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း မော်စကိုသို့ သွားရောက်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်အသစ်တွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီသဘောတူညီချက်ထဲမှာ ဘေဂျင်းရဲ့ BRI စီမံချက်ဆောင်ရွက်နေတဲ့ အခြေခံအဆောက်အဦးနယ်ပယ်က ရထားလမ်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ရုရှားကကူညီမယ်ဆိုတဲ့ မရေမရာ ကတိမျိုးပေးခဲ့ပါတယ်။
မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းက ၂၀၂၃ ခုနှစ်အစောပိုင်းမှာပဲ ရန်ကုန်မြို့နဲ့ ရုရှားနိုင်ငံအရှေ့ဖျား က Vladivostok ၊ Novosibirsk နဲ့ Krasnyarsk မြို့သုံးမြို့ကို တိုက်ရိုက်ပြေးဆွဲပေးမယ်လို့ နှစ်ဘက်လုံးက ကြေညာခဲ့ပါတယ်။ မကြာခင်မှာတော့ ဒီမြို့တွေတည်ရှိတဲ့ ဆိုက်ဗေးရီးယားဒေသက ခရီးသွားဧည့်သည်တွေ မြန်မာနိုင်ငံကို အလုံးအရင်းနဲ့ စုပြုံရောက်လာကြပါလိမ့်မယ်။ အဲဒီလို အအေးလွန်ဒေသတွေဆီကို မြန်မာနိုင်ငံကလူတွေ သွားရောက်လည်ပတ်ကြလိမ့်မယ် ဆိုတာကိုတော့ တွေးကြည့်ဖို့တောင် ခက်ပါတယ်။
ဒါပေမယ့် ဝေးလံသီခေါင်တဲ့ဒေသက ဖော်ပြပါမြို့ကြီးတွေမှာ အရေးကြီးတဲ့ စစ်ရေးဆိုင်ရာတပ်ဆင်မှုတွေနဲ့ လေ့ကျင့်ရေးဆိုင်ရာ ရုံးအဆာက်အဦတွေ ရှိနေတဲ့အတွက် နှစ်နိုင်ငံကြားက လေယာဉ်ပျံသန်းမှုဆိုင်ရာ သဘောတူညီချက်တွေဆိုတာက စီးပွားရေးထက် စစ်ရေးကိစ္စ လှုံ့ဆော်မှုတွေကြောင့်သာ ပိုပြီး ဖြစ်နိုင်ခြေရှိပါတယ်။
■ ဘုန်းမောင်
"Asia Times" တွင်ဖော်ပြထားသော "ဘာတေးလ်လင့်တနာ" ၏ " Myanmar's Russia reliance a dangerous double-edged sword " ကိုဆီလျော်အောင်ရေးသားပါသည်။