မြန်မာပြည်ရဲ့ အင်တာနက်စစ်မြေပြင်

မြန်မာစစ်တပ်သည် ဝက်ဘ်စာမျက်နှာအချို့ကို ပိတ်ပင်ရန်နှင့် အင်တာနက်ပိတ်ဆို့ခြင်းကို ကျော်လွှားနိုင်သည့် VPN အသုံးပြုခြင်းများကို ကန့်သတ်ရန် မိုဘိုင်းအော်ပရေတာများနှင့် အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီများကို ညွှန်ကြားခဲ့သည်။ ထို့နောက် အင်တာနက်အသုံးပြုခွင့်ပိတ်ခြင်းကို တိုးမြှင့်လုပ်ဆောင်ခြင်း၊ အသုံးပြုသူလူဦးရေ၏ တစ်စိတ်တစ်ပိုင်းသာ အသုံးပြုနိုင်သည့် ဖိုင်ဘာဆက်သွယ်ရေးဖြင့်သာ အသုံးပြုခွင့်ပေးခြင်းအထိ တဖြည်းဖြည်း ထိန်းချုပ်ကန့်သတ်ခဲ့သည်။

By မေမိုး 22 May 2021

ဓာတ်ပုံ - Getty Images

DMG ၊ မေ ၂၂
မေမိုး ဘာသာပြန်သည်။

မြန်မာ့စစ်ခေါင်းဆောင်များသည် ၎င်းတို့အား ဆန့်ကျင်သူများကို ဖိနှိပ်ရန်အတွက် အင်တာနက်တွင် Whitelisted စာရင်းဝင်သည့် ဝက်ဘ်စာမျက်နှာများသာ ကြည့်ရှုခွင့်ပြုမည့် နိုင်ငံတွင်းသုံး အင်တာနက်ကွန်ရက်အဖြစ် ကန့်သတ်သွားရန် ကြိုးစားနေကြောင်း International Crisis Group (ICG) ၏ အစီရင်ခံစာအရ သိရသည်။

ဖေ့စ်ဘုတ်ကဲ့သို့သော လူမှုကွန်ရက်ကုမ္ပဏီများသည် စစ်အရာရှိများနှင့် အစိုးရ အေဂျင်စီများကို တားမြစ်ပိတ်ပင်ထားချိန်၌ စစ်တပ်သည် ယင်းတို့ အလေးသာမည့် ချိန်ခွင်လျှာကို ထိန်းချုပ်နိုင်ရန် နည်းပညာကျွမ်းကျင်မှု မရှိခြင်းကြောင့် အင်တာနက်ကို “အွန်လိုင်းတိုက်ပွဲ” တစ်ရပ်အသွင် အသုံးချလာဖွယ် ရှိနေသည်။

ဖြုတ်ချခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်အောက်တွင် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် လူနည်းစုမွတ်စလင်များအပေါ် အမုန်းစကားများ ပျံ့နှံ့စေပြီး လူမှုကွန်ရက်ကို အလွဲသုံးခြင်းများနှင့် အွန်လိုင်းပေါ်တွင် အစိုးရဆန့်ကျင်မှုများအတွက် လူးသာလွန့်သာအခြေအနေကို ပိုမိုကျဉ်းမြောင်းစေမှုတစ်ခုကို အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ တာဝန်ရှိသူများသည် ထိုစဉ်တည်းက ညပိုင်း အင်တာနက်ကန့်သတ်မှုများ ဆောင်ရွက်ခဲ့ပြီး လူမှုကွန်ရက် ပလက်ဖောင်းသုံးစွဲမှုများကို လျှော့ချရန် ကြိုးပမ်းခဲ့ကြောင်း ပါရှိသည်။

နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောကဲ့သို့သော နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီများနှင့် အခြားလုပ်ငန်းများသည် အဆိုပါဆောင်ရွက်ချက်များကို ဆန့်ကျင်ခဲ့ကြသည်။ မြန်မာနိုင်ငံကို ကမ္ဘာ့စီးပွားရေးနှင့် ချိတ်ဆက်ပေါင်းစည်းရေးတွင် တိုးတက်လာသည့်နှစ်များကို နောက်သို့ ပြန်လည်ဆွဲချခဲ့ပြီး ကဏ္ဍအသီးသီးတွင် စီးပွားရေး လည်ပတ်မှုများကို ရိုက်ခတ်သွားမည်ဟု အဆိုပါကုမ္ပဏီများက ပြောဆိုဝေဖန်ခဲ့ကြသည်။

စစ်တပ်က အာဏာထိန်းချုပ်လိုက်မှုသည် ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရတစ်ရပ်၏ ဆယ်စုနှစ်ကြာဆောင်ရွက်ခဲ့မှုကို အားလျော့ပျက်ပြား စေခဲ့သည်။

နိုင်ငံသည် ချမ်းသာသည့်နိုင်ငံများတွင် သာမန်ရရှိသည့် အင်တာနက်ဝန်ဆောင်မှုကို အများကြီးမှီတည်နေသည့် မိုဘိုင်းခေတ်ကို ခုန်ပျံကျော်လွှားနိုင်ခဲ့ရာ ယခုကဲ့သို့ ထိန်းချုပ်ရန်ကြိုးပမ်းမှုသည် မိုဘိုင်းဖုန်း၊ လူမှုကွန်ရက်နှင့် အင်တာနက်အသုံးပြုခွင့်ရပြီး အတိုင်းအတာ တစ်ခုအထိ လွတ်လပ်သည့် ခေတ်ကာလတွင် ကြီးပြင်းခဲ့ရသည့် လူငယ်မျိုးဆက်ကို အလွန်အမင်း ဒေါသထွက်ခံပြင်းစေခဲ့သည်။

မြန်မာစစ်တပ်သည် ဝက်ဘ်စာမျက်နှာအချို့ကို ပိတ်ပင်ရန်နှင့် အင်တာနက်ပိတ်ဆို့ခြင်းကို ကျော်လွှားနိုင်သည့် VPN အသုံးပြုခြင်းများကို ကန့်သတ်ရန် မိုဘိုင်းအော်ပရေတာများနှင့် အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီများကို ညွှန်ကြားခဲ့သည်။ ထို့နောက် အင်တာနက်အသုံးပြုခွင့်ပိတ်ခြင်းကို တိုးမြှင့်လုပ်ဆောင်ခြင်း၊ အသုံးပြုသူလူဦးရေ၏ တစ်စိတ်တစ်ပိုင်းသာ အသုံးပြုနိုင်သည့် ဖိုင်ဘာဆက်သွယ်ရေးဖြင့်သာ အသုံးပြုခွင့်ပေးခြင်းအထိ တဖြည်းဖြည်း ထိန်းချုပ်ကန့်သတ်ခဲ့သည်။

နည်းပညာတတ် လူငယ်များစွာသည် လူထုအာဏာဖီဆန်မှု လှုပ်ရှားမှု (Civil Disobedience Movement -CDM) တွင် ပါဝင်နေသဖြင့် စစ်တပ်တွင် လွန်ခဲ့သောဆယ်စုနှစ်များစွာက တရုတ်နိုင်ငံတွင် ထိန်းချုပ်ခဲ့သည့် အင်တာနက် စောင့်ကြည့်ခြင်းနှင့် အချို့သော ဝက်ဘ်စာမျက်နှာများ အသုံးပြုခွင့် ပိတ်ဆို့ခြင်းတို့ကို လုပ်ဆောင်နိုင်သည့်စွမ်းရည် မရှိကြောင်း ICG အစီရင်ခံစာတွင် ရေးသားဖော်ပြ ထားသည်။

သို့ဖြစ်၍ စစ်တပ်သည် နိုင်ငံတွင်း ချိတ်ဆက်အသုံးပြုနိုင်သည့် “Intranet” ကွန်ရက် သို့မဟုတ် “Whitelisted” အပလီကေးရှင်းများသာ သုံးစွဲခွင့်ပြုမည်ဖြစ်ပြီး ထိုဝန်ဆောင်မှုများတွင် ဥပမာအားဖြင့် အင်တာနက်ဘဏ်စနစ်ကဲ့သို့သော ဝန်ဆောင်မှုများ ပါဝင်နေသည်။

ထိုကဲ့သို့ ပိတ်ပင်ခြင်းသည် အခြေခံအကျဆုံး ဝန်ဆောင်မှုထက်ပို၍ မည်သည်ကိုမျှ ခွင့်ပြုမည်မဟုတ်သဖြင့် စီးပွားရေးကို အကြီးအကျယ်သက်ရောက် စေနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်တွင် မြန်မာပြည်အတွင်း အနောက်နိုင်ငံ၏ တစ်ခုတည်းသော မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုကုမ္ပဏီဖြစ်သည့် တယ်လီနောသည် ထိုအစီအစဉ်များကို ကန့်ကွက်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

“အင်တာနက် အသုံးပြုခွင့်ပေးခြင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုကြောင်းနှင့် အခြားနိုင်ငံအားလုံးနီးပါး၏ အတွေ့အကြုံများ ပေါင်းစပ်ပြီး မြန်မာ့ဆက်သွယ်ရေးကွန်ရက်ကို အဆင့်မြင့်နည်းပညာများဖြင့် ချိတ်ဆက်တည်ဆောက်ခဲ့ကြောင်းနှင့် Whitelist ဖြင့် ထိန်းချုပ်ခြင်းသည် ထိုအကျိုး ကျေးဇူးများကို မဖြစ်ထွန်းစေနိုင်သဖြင့် ယခုအစီအစဉ်ကို လက်လျှော့သင့်ကြောင်း” တယ်လီနောက ပြောဆိုခဲ့သည်။

စီးပွားရေးအကြံပေးကုမ္ပဏီ KPMG ၏ ခန့်မှန်းချက်တစ်ခုတွင် မိုဘိုင်းနှင့် အင်တာနက်ဆက်သွယ်ရေးများ အသုံးပြုမှု များပြားခြင်းသည် မြန်မာ့ စီးပွားရေးတိုးတက်မှုနှုန်းကို ၅ ရာခိုင်နှုန်းကျော် တိုးတက်စေခဲ့ကြောင်း မှတ်ချက်ပေးထားသည်။

တယ်လီနောသည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ရ၈၀ တန်ဖိုးရှိ ၎င်း၏ အရှုံးကို လုပ်ငန်းတန်ဖိုးမှ ခုနှိမ်ပယ်ဖျက်ခဲ့ကြောင်း ကြေညာခဲ့သည်။ သို့သော်လည်း ရင်းနှီးမြှုပ်နှံမှုကို ရုပ်သိမ်းခဲ့ခြင်း မရှိကြောင်းနှင့် သုံးစွဲသူအရေအတွက် ပိုမိုများပြားအောင် တိုးချဲ့နေဆဲဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာအာဏာပိုင်များသည် ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်း၏ အသေးစိတ်အချက်အလက်များကို အပြီးသတ် ရေးဆွဲနေပုံရသည်။ နိုင်ငံခြားစီးပွားရေး လုပ်ငန်းများနှင့် အခြားအဖွဲ့များအနေဖြင့် ထိုဥပဒေ ကန့်သတ်ချက်အောက်တွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စွန့်စားရမှုပိုမိုများသည်ဟု ပြောဆိုနေကြသည်။

ICG ကထုတ်ပြန်သည့် အစီရင်ခံစာတွင် အင်တာနက်ထိန်းချုပ်မည့် စစ်တပ်၏ ကြိုးပမ်းအားထုတ်မှုကို အားပေးထောက်ခံခြင်း မလုပ်ရန်နှင့် ဆန့်ကျင်သူများကို ဖိနှိပ်ခြင်းမပြုလုပ်ရန် ကုမ္ပဏီများနှင့်အစိုးရများကို တိုက်တွန်းခဲ့သည်။

အစိုးရများအနေဖြင့် နိုင်ငံရေးဆန့်ကျင်သူများကို ဖိနှိပ်ရာတွင် အသုံးပြုနိုင်သည့် အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးနည်းပညာများကို ပံ့ပိုးမှုမှ တားဆီးရန်၊ လက်နက် ရောင်းဝယ်ဖောက်ကားမှု ပိတ်ဆို့ရန် အရှိန်မြှင့် လုပ်ဆောင်သင့်ကြောင်းလည်း ICG က ထုတ်ပြန်ခဲ့သည်။

မေမိုး
မူရင်း - Report says Myanmar internet a ‘virtual battlefield’ by ELAINE KURTENBACH, AP

ဗီဒီယိုများ