မြန်မာနိုင်ငံမှ အသေအပျောက်များသော မြေမြှုပ်မိုင်းအန္တရာယ်

AP သတင်းဌာန၏ ခွဲခြမ်းစိတ်ဖြာလေ့လာမှုများအရ မြန်မာစစ်တပ်သည် ၎င်းတို့ချီတက်ရာ လမ်းကြောင်းတလျှောက် မြှုပ်နေနိုင်သည်ဟု ယူဆရသောမြေမြှုပ်မိုင်းများ ပေါက်ကွဲစေရန် ပြည်သူတို့အား စစ်ကြောင်းရှေ့ဆုံးမှ ပွိုင့်အဖြစ် စေလွှတ်လေ့ရှိတတ်ကြောင်း တွေ့ရှိခဲ့ရသည်။ 

By Admin 26 Feb 2023

မြန်မာနိုင်ငံမှ အသေအပျောက်များသော မြေမြှုပ်မိုင်းအန္တရာယ်

DMG (ဘာသာပြန်ဆောင်းပါး)

နားကွဲလုမတတ်ကျယ်လောင်သော ပေါက်ကွဲသံထွက်လာချိန်၌ သုံးနှစ်အရွယ်ကလေးငယ်မှာ မိခင်ပေါင်ပေါ်မှ ခြေ နှစ်လှမ်းမျှသာ လှမ်းရသေးသည်။ ပေါက်ကွဲမှုကြောင့် အမျိုးသမီးမျက်နှာ ထိခိုက်ခဲ့ပြီး အမြင်အာရုံလည်း မှုန်ဝါးသွားခဲ့ရသည်။ 

မြန်မာနိုင်ငံအလယ်ပိုင်း ရွာကလေးတစ်ရွာနားရှိ မြစ်ဆိပ်တစ်ခုတွင် ခရီးသည်တင်မော်တော်ကို စောင့်မျှော်နေကြချိန် ဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး ပေါက်ကွဲမှုအပြီးမှာတော့ သူမမျက်လုံးများကို အတင်းဖွင့်ကာ လူအများရှုပ်ထွေးနေသော ဆိပ်ခံတံတားတစ်ဝိုက် သူမ၏သားငယ်ကို ရှာဖွေနေမိတော့သည်။ မီးခိုးမီးငွေ့များအကြားမှ သူမ၏သားငယ်ကို မြင်တွေ့လိုက်ရချိန်မှာတော့ သေးကွေးကြုံလှီသော ကလေးငယ်၏ခန္ဓာကိုယ်က မြေပြင်ပေါ်လဲလျောင်းနေပြီး ခြေဖဝါးနှင့်ခြေသလုံးတို့မှ အသားများကြေမွနေကာ အရိုးများ အစိတ်စိတ်အမွှာမွှာကြေမွ နေကြလေသည်။

“ကလေးကငိုနေပြီး အရမ်းနာတယ်လို့ ကျွန်မကိုပြောတယ်။ ကျွန်မသားက သူ ဘာဖြစ်သွားတာလဲ ဆိုတာကိုတောင် မသိသေးဘူးပေါ့” ဟု သူမက ပြောသည်။

သို့သော် ကလေးအမေကတော့ဖြင့် သိနေခဲ့ပါသည်။ သူမ၏သားဖြစ်သူသည် မြေမြှုပ်မိုင်းတစ်လုံးကြောင့် ထိခိုက်ဒဏ်ရာပြင်းစွာ ရရှိသွားပြီဖြစ်သည်။ 

၁၉၉၇ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့သည့် ကုလသမဂ္ဂ မိုင်းပိတ်ပင်တားဆီးရေး သဘောတူစာချုပ်ကို လက်ခံခဲ့ကြပြီးသည့် နောက်ပိုင်း ဆယ်စုနှစ်များစွာတိုင်အောင် နိုင်ငံအများစုက မြေမြှုပ်မိုင်းကို တားဆီးပိတ်ပင်ခဲ့သည်။ သို့သော် ထိုစာချုပ်၌ သဘောတူလက်မှတ် မရေးထိုးခဲ့သောမြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၌ ရွေးကောက်ခံ ဒီမိုကရေစီအရပ်သားအစိုးရကို ဖြုတ်ချပြီးနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေး အရှိန်မြင့်တက်လာသည့်နည်းတူ မိုင်းအသုံးပြုမှုလည်း မြင့်မားလာခဲ့သည်။ 

ကုလသမဂ္ဂ၏ ၂၀၂၂ ခုနှစ်ကိန်းဂဏန်းဖော်ပြချက်များအရ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော ဗုံးလိုလက်နက်များကြောင့် အရပ်သားသေဆုံးမှုနှုန်းက ၄၀ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ဖော်ပြထားသော ကိန်းဂဏန်းများနှင့် အခြားတရားဝင် ကိန်းဂဏန်းများမှာ များသောအားဖြင့် အလွန်အမင်း လျော့နည်းနေလေ့ရှိသည်။ ထိုသို့ဖြစ်ရသည်မှာလည်း ပဋိပက္ခကာလအတွင်း လေ့လာစောင့်ကြည့်မှုနှင့် သတင်းအစီရင်ခံမှုအပိုင်းများ၌ အခက်အခဲများ ရှိနေသောကြောင့်ဖြစ်သည်။ 

ကိန်းဂဏန်းများ မပြည့်စုံသော်လည်း မြန်မာနိုင်ငံအတွင်း ထိုကဲ့သို့အဖြစ်အပျက်များ တိုးလာနေမှုက အမြင့်မားဆုံး အဆင့်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သဘောတူထားကြပါသည်။

မြေမြှုပ်မိုင်းခြိမ်းခြောက်မှု အန္တရာယ်များက ကင်းစင်လွတ်မြောက်သော နယ်မြေဟူ၍ မရှိသလောက်ပင်။ ပြီးခဲ့သော ၂ နှစ်အတွင်း နေပြည်တော်ကလွဲပြီး ပြည်နယ်နှင့်တိုင်းအသီးသီးသို့ မိုင်းအန္တရာယ်များ ကျယ်ပြန့်သွားခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာ မြေမြှုပ်မိုင်းအသုံးပြုမှုကို ခြေရာခံသည့် မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ မှတ်တမ်းများအရ သိရသည်။

စစ်တပ်က အရပ်သားများအား လူသားဒိုင်းများအဖြစ် အသုံးပြုနေပြီး မြန်မာနိုင်ငံအတွင်း ဆယ်စုနှစ်များစွာ အသုံးပြုခဲ့သော ထိုအလေ့အထက မိုင်းထိခံရမှုများနှင့်အတူ အရေအတွက် တိုးလာနေကြောင်း သတိပေးထားသည်။ AP သတင်းဌာန၏ ခွဲခြမ်းစိတ်ဖြာလေ့လာမှုများအရ မြန်မာစစ်တပ်သည် ၎င်းတို့ချီတက်ရာ လမ်းကြောင်းတလျှောက် မြှုပ်နေနိုင်သည်ဟု ယူဆရသောမြေမြှုပ်မိုင်းများ ပေါက်ကွဲစေရန် ပြည်သူတို့အား စစ်ကြောင်းရှေ့ဆုံးမှ ပွိုင့်အဖြစ် စေလွှတ်လေ့ရှိတတ်ကြောင်း တွေ့ရှိခဲ့ရသည်။ 

ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့များ၏ ပြောကြားချက်များအရ မြန်မာစစ်တပ်သည် လူနေအိမ်များ၊ ကျေးရွာများ၊ လူသွားလမ်းများ၊ ဘုရားကျောင်းဝင်းများ၊ စိုက်ပျိုးရေးခြံများ၊ တယ်လီဖုန်းဆက်သွယ်ရေးတိုင်များ၊ တရုတ်ကျောထောက်နောက်ခံပြု ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများအပြင် ကြေးနီသတ္တုတွင်းများရှိရာ နေရာများတွင်မြေမြှုပ်မိုင်းများ မြှုပ်နှံထားလေ့ရှိကြောင်း သိရသည်။

တိုက်ပွဲတွေက နေရာပြောင်းရွှေ့ဖြစ်ပွားနေသော်လည်း မြေမြှုပ်မိုင်းများကတော့ နေရာပြောင်းရွှေ့ခြင်းမရှိပေ။ တစ်ဘက်နှင့်တစ်ဘက် တိုက်ခိုက်မှုတွေက ပြီးဆုံးသွားသော်လည်း နှစ်များစွာကြာလာသည့်အောင်ပင် ကျန်နေရစ်ခဲ့သောမိုင်းများက ၎င်းတို့အားထိခိုက်မိသူများ၏ ကိုယ်လက်အင်္ဂါများကို ပြတ်တောက် သို့မဟုတ် သေဆုံးစေသည် အထိ ထိခိုက်မိနိုင်စေသည်။

မြေမြှုပ်ထားသောမိုင်းများက နောင်နှစ်ပေါင်းများစွာ ကြာလာသည့်တိုင်အောင် ထိခိုက်သေဆုံးနိုင်ခြေ အပါအဝင် စိတ်ခြောက်ခြားမှုကိုလည်း တိုးမြှင့်ပေးပါသည်။ အီဂျစ်နှင့်ကမ္ဘောဒီးယားနိုင်ငံတို့တွင် ပဋိပက္ခများ ပြီးဆုံးသွားသော်လည်း ကျန်ရစ်သေးသောမြေမြှုပ်မိုင်းများကြောင့် လူသန်းနှင့်ချီ၍ သေဆုံးနေကြရဆဲပင်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်များသည် ဆယ်စုနှစ်လေးခု ကျော်လာသည်အထိ တည်ရှိနေဆဲဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း ပို၍များပြားလာသော နိုင်ငံနေရာဒေသများတွင် မြေမြှုပ်မိုင်းအသုံးပြုမှုများ ကြီးထွားလာခဲ့ပြီး မိုင်းပြဿနာမှာ အဆမတန်မြင့်မားလာခဲ့ကြောင်း မြန်မာနိုင်ငံတွင်းမှဖြစ်ရပ်များကို စောင့်ကြည့်လေ့လာနေသော ကုလသမဂ္ဂ မြေမြှုပ်မိုင်းအထူးကျွမ်းကျင်သူ Kim Warren ကပြောသည်။

၂၀၂၂ ခုနှစ်၌ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်များကြောင့် လူပေါင်း ၃၉၀ ဦး ဒုက္ခရောက်ခဲ့ကြရပြီး ၎င်းအရေအတွက်မှာ ၂၀၂၁ ခုနှစ်ကထက် ၃၇ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း UNICEF မှပြုစုထားသော ကိန်းဂဏန်းများအရ သိရသည်။ ခြုံငုံကြည့်လျှင် လူ ၁၀၂ ဦးသေဆုံးခဲ့ပြီး ၂၈၈ ဦး ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများ၏ ၃၄ ရာခိုင်နှုန်းခန့်မှာ ကလေးများဖြစ်ပြီး ၂၀၂၁ ခုနှစ်ကရှိခဲ့သည့် ၂၆ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ကြည့်သင့်သည်။

သို့သော်လည်း Warren က တကယ်ဖြစ်ခဲ့သည်ထက် အစီရင်ခံထားသောအရေအတွက်က လျော့နည်းနေသေးကြောင်း ပြောသည်။ ခိုင်မာသော သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်မရှိခြင်း၊ ပဋိပက္ခဆိုင်ရာ အချက်အလက်များ အစီရင်ခံရာတွင် လက်တုန့်ပြန်ခံရခြင်းနှင့် မိုင်းဒုက္ခကြုံတွေ့ခဲ့ရသူများအား ပြုစုစောင့်ရှောက်ရန် အခက်အခဲများ ရှိနေခြင်းတို့ကြောင့်ဖြစ်ကြောင်း သူမက ကိုးကားဖော်ပြခဲ့ပါသည်။

မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာကျွမ်းကျင်သူ Yeshua Moser-Puangsuwan ကတော့ ၎င်း၏အဖွဲ့အနေဖြင့် ယုံကြည်စိတ်ချရမှုရှိသော အသေအပျောက်ဖြစ်ရမှုများကိုသာ မှတ်တမ်းတင်ထားကြောင်း ပြောသည်။

“ကျနော်တို့က အမြဲတမ်းလျှော့ပြီးရေတွက်နေတာပါ”ဟု သူကပြောသည်။ "တကယ်တမ်း ဘယ်လောက်ထိ ပိုများသလဲ၊ နှစ်ဆလား၊ သေချာသလောက်ပဲ။ သုံးဆလား၊ ဖြစ်နိုင်ခြေရှိတယ်။"

ဆိပ်ခံတံတား၌ မိုင်းထိခဲ့ရသောကလေးငယ်ကဲ့သို့သော ဒုက္ခရောက်ရသူ ကလေးသူငယ်များအတွက် ကျွမ်းကျင်သူများက အထူးစိုးရိမ်နေကြသည်။ မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော လက်နက်ခဲယမ်းများက လူတို့အား မည်ကဲ့သို့အန္တရာယ်ပေးနိုင်ကြသည်ကို ကလေးအများစုက မသိရှိကြသေးဘဲ တချို့ဆိုလျှင် ၎င်းတို့အားကောက်ကိုင်ကာ ကစားလေ့ပင် ရှိတတ်ကြသေးသည်။ 

အရပ်သားအများစုမှာ မိမိတို့နေ့စဉ်ဘဝတွင်းမှ နေ့စဉ်လုပ်ရိုးလုပ် စဉ်လုပ်ငန်းများအတွင်း မြေမြှုပ်မိုင်းများနှင့် ထိတွေ့နေကြရသည်။ မိမိတို့ဘဝကို ထာဝရပြောင်းလဲသွားစေသည့်တိုင် မရှောင်နိုင်ကြပေ။

ပဋိပက္ခတွင်း၌ နှစ်ဘက်စလုံးမှ မိုင်းများကိုအသုံးပြုနေသောကြောင့် မိုင်းပေါက်ကွဲမှုကြောင့် စစ်တပ် သို့မဟုတ် အတိုက်အခံ မည်သည့်ဘက်တွင်တာဝန်ရှိသည်ဆိုသည်ကိုတော့ သိနိုင်လိမ့်မည် မဟုတ်တော့ပေ။

စစ်ကိုင်းတိုင်းအတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လက်နက်ကိုင် အဖွဲ့ဝင်တစ်ဦးက ၎င်းတို့အဖွဲ့က စစ်ကောင်စီတပ်များကထောင်သွားခဲ့သည်ဟု ယူဆရသော မိုင်းအလုံးပေါင်း ၁၀၀ နီးပါး ရှင်းလင်းခဲ့ရပြီး ၎င်းတို့အား လက်နက်အင်အားတိုးချဲ့ရာတွင် လက်လုပ်ဖောက်ခွဲရေးပစ္စည်းများအဖြစ် ပြန်ပြီးအသုံးပြုသွားရန် ရည်ရွယ်ထားကြောင်း ပြောသည်။

၎င်းတို့လှုပ်ရှားရာနယ်မြေများတွင် မိုင်းများရှင်းလင်းပြီးဖြစ်ကြောင်း ကြေညာခဲ့သည့် ပြည်သူ့စစ်များနှင့် လက်နက်ကိုင်အဖွဲ့များသည် ထိုမိုင်းများကို ပြန်ပြီအသုံးပြုကြသည်မှာ လုပ်ရိုးလုပ်စဉ်သာဖြစ်သည်။ 

မြန်မာနှင့်ရုရှားတို့သည် ၂၀၂၂ ခုနှစ် အတွင်း မိုင်းအသုံးပြုမှုအသစ်များ ရှိခဲ့သည်ဟု မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့က မှတ်တမ်းတင်ထားသည့် နိုင်ငံနှစ်နိုင်ငံဖြစ်သည်။ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ စစ်ကောင်စီဆန့်ကျင်ရေးတပ်ဖွဲ့များ အပါအဝင် အနည်းဆုံးနိုင်ငံ ၅ နိုင်ငံမှ အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့များက မိုင်းများအသုံးပြုခဲ့ကြောင်း အတည်ပြုထားနိုင်ခဲ့သည်။

တိုက်ခိုက်မှုများဟန့်တားနိုင်ရန် တယ်လီဖုန်းဆက်သွယ်ရေးတာဝါတိုင်များနှင့် ဓာတ်အားလိုင်းကဲ့သို့သော အခြေခံ အဆောက်အအုံများတွင်လည်း စစ်တပ်က မိုင်းများထောင်ထားကြောင်း မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့က အတည်ပြုထားသည်။ စစ်တပ်မှထောင်ထားသော မိုင်းများမှာ BRI အစိတ်အပိုင်းများဖြစ်ကြသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ကြေးနီသတ္တုတွင်းနှင့် ရှမ်းပြည်နယ်ရှိ ပိုက်လိုင်းရေနံတွန်းစက်စခန်း တစ်ခုအပါအဝင် တရုတ်ကကျောထောက်နောက်ခံ ပေးထားသည့် အဓိကစီမံကိန်းကြီး အနည်းဆုံးနှစ်ခုတို့ကိုလည်း အကာအကွယ်ပေးထားသည်ဟု Moser- Puangsuwan ကပြောသည်။

မိုင်းပေါက်ကွဲမှုများမှ အသက်မသေဘဲကျန်ရစ်ခဲ့သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုရရှိရန်မှာ ခက်ခဲသည်။ နေရာဒေသအများအပြားမှာ ဝေးလံသီခေါင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းမရှိသလို ဆေးရုံဆေးခန်းများကိုလည်း လက်လှမ်းမမှီနိုင်ပေ။ ဝန်ထမ်းအင်အားနည်းပါးပြီး မိုင်းထိမိသူအနည်းငယ်အတွက်သာ ခြေတုလက်တုနှင့် ပြန်လည်ထူထောင်မှုရရှိရန် တတ်နိုင်ကြပေသည်။

အသက် ၃ နှစ်အရွယ် ကလေးငယ်အား ဒုက္ခရောက်စေခဲ့သော ဆိပ်ခံတံတားအနီးမိုင်းပေါက်ကွဲမှုအပြီး မိခင်ဖြစ်သူမှာ မော်တော်ဆိုင်ကယ်နှင့်တစ်မျိုး စက်လှေဖြင့်တစ်မျိုး ကီလိုမီတာဒါဇင်ပေါင်းများစွာ ခရီးနှင်သွားလာပြီး အကူအညီတောင်းခဲ့ရသည်။

မြစ်အခြားဘက်ကမ်းရှိ ဆေးခန်းငယ်တစ်ခုတွင် အခြေခံရှေးဦးသူနာပြုစုမှု လုပ်ဆောင်ပေးခဲ့ပြီး နာကျင်မှုမှသက်သာရာရစေရန် မော်ဖင်းထိုးပေးခဲ့သည်။ ပို၍ကြီးသော ကျေးလက်ဆေးခန်းတစ်ခုတွင်မူ ဒဏ်ရာများကိုပတ်တီးစည်းကာ သွေးသွင်းကုသပေးခဲ့သည်။ ဒေသမြို့တော်ရှိဆေးရုံသို့ သားအမိနှစ်ယောက်ရောက်ရှိသွားချိန်မှသာ ဆရာဝန်များက ကလေးငယ်၏ခြေထောက်နှစ်ဘက်စလုံးကို ဖြတ်တောက်ပေးနိုင်ခဲ့သည်။ ညာဘက်ဒူးအောက်နှင့် ဘယ်ဘက်တင်ပါးအောက်မှ ဖြတ်ထုတ်ပစ်လိုက်ရသည်။

ဆေးကုသစရိတ်က မိသားစု၏လစဉ်ဝင်ငွေ မြန်မာကျပ်ငွေလေးသိန်း((ဒေါ်လာ ၁၉၀ထက် ခြောက်ဆကျော် ပို၍ များပြားသည်။ 

လအတော်ကြာသည်အထိ ကလေးငယ်မှာ ဘီးတပ်ကုလားထိုင်ဖြင့် နေထိုင်ခဲ့ရသည်။ ကလေးငယ်သည် သူနေထိုင်ရာ သစ်သားအိမ်ငယ်ကလေး၏ ပြတင်းပေါက်များဆီမှ အပြင်ဘက်သို့ငေးရင်း သူ၏သူငယ်ချင်းများ ကစားနေကြ သည်ကို ငေးမောနေတတ်သည်။ 

“သားခြေထောက်တွေပဲ သားပြန်လိုချင်တယ်”ဟု သူက ပြောလေ့ရှိသည်။ 

လက်ရှိ အသက် ၄ နှစ်ရှိသွားပြီဖြစ်သော ကလေးငယ်မှာ နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး မိမိဘာသာ သွားလာနေထိုင်နေနိုင်ပြီဖြစ်သဖြင့် မိခင်ဖြစ်သူမှာ ပဲစိုက်ခင်းဆင်းနိုင်နေပေပြီ။ မိုင်းပေါက်ကွဲမှုအကြောင်းကို ကလေးက မကြာခဏ ပြောပြလေ့ရှိတတ်သော်လည်း ကလေးကနားလည်နိုင်လာပါ့မလား ဆိုသည်ကတော့ မိခင်အတွက် သေချာမှုမရှိသေးပေ။ ထို့အပြင် ၎င်းတို့မိသားစုသည်လည်း အရင်လို တစ်ထပ်တည်း ပြန်မဖြစ်နိုင်ကြတော့။

“ကလေးက နားမလည်နိုင်သေးဘူးနဲ့ တူပါတယ်။ သူက ငယ်သေးတယ်လေ” ဟု သူမကပြောသည်။

ဘုန်းမောင်
AP တွင်ဖော်ပြထားသော "Victoria Milko" နှင့် "David Rising" တို့ရေးသားသည့် "I just want my legs back: Myanmar landmine casualties soar" ကို ဆီလျော်အောင်ရေးသားပါသည်။