မြန်မာနိုင်ငံအတွင်း ပဋိပက္ခများကြောင့် ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် တိုင်းရင်းသားလူမျိုးစုများ သေဆုံးမှု မြင့်တက်

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အရပ်သားသေဆုံးမှုများ မြင့်တက်လာသဖြင့် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (အေအေ) အကြား တိုက်ပွဲများ အရှိန်မြင့်တက်လာခြင်းကို အဆုံးသတ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက တောင်းဆိုလိုက်သည်။

By Foreign Desk 24 Apr 2020

ကချင်ပြည်နယ် လိုင်ဇာဒေသရှိ အခြေစိုက်စခန်းတွင် တွေ့ရသော အေအေလက်နက်ကိုင်အဖွဲ့၏ လေ့ကျင့်ရေးတပ်သားများ။ (ဓာတ်ပုံ - VOA)

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အရပ်သားသေဆုံးမှုများ မြင့်တက်လာသဖြင့် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (အေအေ) အကြား တိုက်ပွဲများ အရှိန်မြင့်တက်လာခြင်းကို အဆုံးသတ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက တောင်းဆိုလိုက်သည်။

အဆိုပါ ပဋိပက္ခမှာ မြန်မာနိုင်ငံတွင်း ဖိနှိပ်မှုများကြောင့် ထွက်ပြေးရန် ကြိုးပမ်းစဉ် မွတ်ဆလင်ဒုက္ခသည် အများအပြား မကြာသေးမီက သေဆုံးမှုနှင့် ရာနှင့်ချီသော မွတ်ဆလင်များ ပင်လယ်ထဲတွင် နှစ်လကြာမျှ မျောပါနေခဲ့သော အချိန်တွင် ဖြစ်ပွားခြင်းဖြစ်သည်။

ပင်လယ်ပြင်အတွင်း မွတ်ဆလင်များ သေဆုံးမှုမှာ မြန်မာ့တပ်မတော်နှင့် အေအေ လက်နက်ကိုင်တပ်တို့ အကြား ဖြစ်ပွားသော တိုက်ပွဲများနှင့် တိုက်ရိုက်သက်ဆိုင်မှု မရှိပေ။ သို့ရာတွင် လေ့လာစောင့်ကြည့်သူများက အဆိုပါ ဖြစ်ရပ်မှာ အစိုးရ၏ တိုင်းရင်းသားလူနည်းစုများအပေါ်  ဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံမှု၏ နောက်ဆက်တွဲလက္ခဏာ တစ်ရပ်ဖြစ်ပြီး နှစ်ပေါင်းများစွာ လက်နက်ကိုင်တော်လှန်မှုကို ဖြစ်စေသည့် အကြောင်းအရင်းတစ်ခုအဖြစ် ပြောဆိုကြသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး၏ ပြောရေးဆိုခွင့်ရှိသူ ရူးပတ်ကိုဗီလီ (Rupert Colville) က ယခုကဲ့သို့ အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများကြောင့် မွတ်ဆလင်များအပါအဝင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေထိုင်နေသည့် အရပ်သားများ၊ ချင်း၊ မြို၊ ဒိုင်းနက်နှင့် အခြားမျိုးနွယ်စုများအားလုံးကို ထိခိုက်နစ်နာစေကြောင်း ဧပြီလ ၁၇ ရက်နေ့က ပြောကြားခဲ့သည်။

“မြန်မာစစ်တပ်ရဲ့ နေ့တိုင်းနီးပါး လေကြောင်းတိုက်ခိုက်မှုတွေ၊ လူနေထူထပ်တဲ့နေရာတွေကို လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မတ်လ ၂၃ ရက်နေ့ နောက်ပိုင်း လူ ၃၂ ဦး ထက်မနည်း သေဆုံးပြီး ၇၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဲဒီထဲမှာ အများစုက အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ပါတယ်။ စာသင်ကျောင်းတွေနဲ့ နေအိမ်တွေ မီးရှို့ခံရတာတွေလည်း ရှိနေပါတယ်။” ဟု ၎င်းက ပြောဆိုသည်။

စစ်တိုက်နေကြသည့် နှစ်ဖက်လုံးသည် COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ တောင်းဆိုချက်ကို မသိကျိုးကျွံပြုနေကြကြောင်း ကိုဗီလီက ပြောဆိုသည်။ ရခိုင်နှင့် ချင်းပြည်နယ်တို့ရှိ မြို့နယ် ၉ ခု အား ၂၀၁၉ ဇွန်လ နောက်ပိုင်းတည်းက ကမ္ဘာ့အရှည် ကြာဆုံးအဖြစ်အစိုးရ၏ အင်တာနက် ဖြတ်တောက်မှုကြောင့် လတ်တလော သေရေးရှင်ရေးတမျှ အရေးကြီးနေသော အခြေအနေကို ပိုမိုရှုပ်ထွေးသွားစေကြောင်း ကိုလီဗီက ထပ်လောင်းပြောကြားသည်။

“ဒီအင်တာနက် ဖြတ်တောက်မှုက ပြည်သူတွေသိသင့်တဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာ သတင်းအချက်အလက်တွေ၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေဖို့ စတဲ့ ရောဂါကာကွယ်ရေး နည်းလမ်းတွေနဲ့အခြား ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ အစီအမံတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် ရရှိနိုင်မှုကို ဆိုးဆိုးဝါးဝါး အဟန့်အတားဖြစ်စေတယ်။ ဘင်္ဂလားဒေ့ရှ်မှာလည်း အာဏာပိုင်တွေက ကော့စ်ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ အလားတူ အင်တာနက် ကန့်သတ်မှုတွေ ပြုလုပ်ထားတယ်” ဟု ကိုဗီလီ က ပြောကြားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးသည် မြန်မာအစိုးရအား အင်တာနက်ဖြတ်တောက်မှု ချက်ချင်းရုပ်သိမ်းပေးရန်နှင့် ပဋိပက္ခဖြစ်ပွားသည့် နေရာများအားလုံးသို့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ရောက်ရှိနိုင်ရေး ခွင့်ပြုပေးရန် တောင်းဆိုထားသည်။

အစိုးရအနေဖြင့် ထိုသို့ လုပ်ဆောင်ရန် ပျက်ကွက်ပါက အရပ်သားထိခိုက်မှုများ ပိုမိုများပြားလာမည် ဖြစ်ကြောင်းနှင့် COVID-19 ကပ်ရောဂါအား တိုက်ဖျက်ရန် ကြိုးပမ်းအားထုတ်နေမှုများကို ကြန့်ကြာစေမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အရာရှိများက သတိပေးပြောကြားသည်။

မေမိုး
(Lisa Schlein ၏ Myanmar Clashes Take Heavy Toll on Ethnic Groups in Rakhine, Chin States ကို မြန်မာပြန်သည်။)

ဗီဒီယိုများ