မြန်မာစစ်အုပ်စုအပေါ် ဥရောပသမဂ္ဂက ဒဏ်ခတ်အရေးယူမှုအသစ်များ ချမှတ်

ဥရောပသမဂ္ဂ (အီးယူ) သည် မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်အရေးယူမှု အသစ်များကို တနင်္လာနေ့တွင် ထုတ်ပြန်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 

By Admin 21 Feb 2023

ဓာတ်ပုံ - Reuters
ဓာတ်ပုံ - Reuters

ဥရောပသမဂ္ဂ (အီးယူ) သည် မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်အရေးယူမှု အသစ်များကို တနင်္လာနေ့တွင် ထုတ်ပြန်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၌ အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချအာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံအနှံ့အပြား၌ ခုခံတော်လှန်မှုများ ပြင်းထန်လျက်ရှိပြီး စစ်တပ်ကလည်း အင်အားသုံးဖြိုခွင်းလျက်ရှိသည်။ မြန်မာစစ်တပ်အပေါ် အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံများက အရေးယူဒဏ်ခတ်မှုများ ချမှတ်လျက်ရှိပြီး ယခုအီးယူ၏ ခြောက်ကြိမ်မြောက် အရေးယူမှု၌ လူပုဂ္ဂိုလ် ခြောက်ဦးနှင့် ကုမ္ပဏီ ခုနစ်ခုတို့ ပါဝင်သည်။

အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်စာရင်းတွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးဝန်ကြီး ဦးမျိုးမြင့်အောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးနှင့် ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးတို့လည်း ပါဝင်သည်။

စစ်တပ်နှင့် ဆက်နွယ်နေသည့် အရပ်ဘက်အုပ်စုမှ ဒဏ်ခတ်အရေးယူခံရသည့် လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများအနက် မြန်မာစစ်တပ်အတွက် လက်နက်များအပါအဝင် အရပ်ဘက်၊စစ်ဘက်သုံး ကုန်ပစ္စည်းများ တင်သွင်းပေးနေသည့် Sky Aviator ကုမ္ပဏီနှင့် ကုမ္ပဏီ ညွှန်ကြားရေးမှူး ဦးကျော်မင်းဦး၊ ကာကွယ်ရေးပစ္စည်းစက်ရုံများ ညွှန်ကြားရေးမှူးရုံး၊ Asia Sun Group၊ Dynasty International ကုမ္ပဏီ၊ International Gateway Group တို့လည်း ပါဝင်သည်။

မြန်မာနိုင်ငံအပေါ် အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်း၌ လက်ရှိအချိန်တွင် လူပုဂ္ဂိုလ် ၉၃ ဦး၊ ကုမ္ပဏီနှင့် အဖွဲ့အစည်း ၁၈ ခုအထိ ရှိနေပြီဖြစ်သည်။ မြန်မာနိုင်ငံအား အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြသော်လည်း အခြားတစ်ဘက်တွင်မူ မြန်မာသည် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရေးများ လုပ်ဆောင်နိုင်ဆဲ ဖြစ်သလို ကမ္ဘာ့နိုင်ငံ အများအပြားသည်လည်း မြန်မာစစ်တပ်အား စစ်ဘက်သုံးပစ္စည်းများ ထောက်ပံ့ပေးနေကြဆဲ ဖြစ်သည်။

ဗီဒီယိုများ