စွမ်းအင်ကုမ္ပဏီကြီးတိုတယ်နှင့် ချက်ဗရွန်တို့ မြန်မာနိုင်ငံမှ ထွက်ခွာ

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုနောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု အခြေအနေများ ပိုမိုဆိုးရွားလာနေသည့်အတွက် လက်ရှိလည်ပတ်နေသော လုပ်ငန်းများအား ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း စွမ်းအင်ကုမ္ပဏီကြီးများဖြစ်သည့် တိုတယ် နှင့် ချက်ဗရွန်ကုမ္ပဏီတို့က ပြောကြားလိုက်သည်။

By DMG 22 Jan 2022

ဓာတ်ပုံ - Financial Times

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုနောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု အခြေအနေများ ပိုမိုဆိုးရွားလာနေသည့်အတွက် လက်ရှိလည်ပတ်နေသော လုပ်ငန်းများအား ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း စွမ်းအင်ကုမ္ပဏီကြီးများဖြစ်သည့် တိုတယ် နှင့် ချက်ဗရွန်ကုမ္ပဏီတို့က သောကြာနေ့တွင် ပြောကြားလိုက်သည်။

ပြင်သစ်ကုမ္ပဏီ တိုတယ်နှင့် အမေရိကန်ကုမ္ပဏီ ချက်ဗရွန်တို့သည် မြန်မာနိုင်ငံ၏ အနောက်တောင်ကမ်းလွန်၌ ရတနာ သဘာဝဓာတ်ငွေ့တူးဖော်ရေး စီမံကိန်းကို မြန်မာနှင့် ဖက်စပ်ဆောင်ရွက်နေပြီး ထွက်ရှိသည့်ဓာတ်ငွေ့များအား မုတ္တမ သဘာဝဓာတ်ငွေ့ပို့ဆောင်ရေး ကုမ္ပဏီ (MGTC) က ထိုင်း-မြန်မာ နယ်စပ်သို့ ပို့ဆောင်ပေးသည်။

မြန်မာနိုင်ငံ၌ ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းခဲ့သည့် အချိန်မှစ၍ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ ပိုမိုဆိုးရွားလာနေမှုကြောင့် မိမိတို့အနေဖြင့် ပြန်လည်သုံးသပ်ရသည့် အခြေအနေဖြစ်လာကြောင်း တိုတယ်ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့အတွက်ကြောင့် တိုတယ်က လုပ်ငန်းလည်ပတ်နေပြီး ရှယ်ယာဝင်အဖြစ်ပါ ဆောင်ရွက်နေသည့် ရတနာလုပ်ကွက်နှင့် MGTC တို့မှ နစ်နာကြေးတစ်စုံတစ်ရာ မရယူဘဲ လုပ်ငန်းများနုတ်ထွက်မည့် စာချုပ်စာတမ်းဆိုင်ရာ လုပ်ငန်းစဉ်များ စတင်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်ဟု တိုတယ်က ပြောကြားသည်။

နုတ်ထွက်မှုကြောင့် ငွေကြေးပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှု ကြီးကြီးမားမား မရှိကြောင်းလည်း တိုတယ်က ပြောကြားသည်။ မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ်တွင် လုပ်ငန်းလည်ပတ်မှုသည် အမေရိကန်ဒေါ်လာ ၁၀၅ သန်းရှိပြီး ကုမ္ပဏီဝင်ငွေ၏ ၁ ရာခိုင်နှုန်းအောက် ပမာဏသာဖြစ်ကြောင်း တိုတယ်ကုမ္ပဏီ ပြောခွင့်ရက ဆိုသည်။

တိုတယ်နှင့် ချက်ဗရွန်တို့သည် ပြီးခဲ့သည့်နှစ်တွင် မြန်မာစစ်အုပ်စုထံသို့ ရောက်ရှိနိုင်သည့် အမြတ်ငွေထုတ်ပေးမှု အချို့ကို ဆိုင်းငံ့ခဲ့ပြီး အဆိုပါလုပ်ရပ်အား ဒီမိုကရေစီအရေး လှုပ်ရှားသူအချို့က ထောက်ခံမှုများ ရှိခဲ့သည်။

အဓိကလုပ်ငန်းလည်ပတ်သူ မဟုတ်ဘဲ အသေးစား ပါဝင်မှုသာရှိထားသည့် ကုမ္ပဏီဖြစ်သော မိမိတို့သည် ဝန်ထမ်းများ၏ လုံခြုံရေးနှင့် အကျိုးစီးပွား၊ မြန်မာနှင့် ထိုင်းနိုင်ငံရှိ ပြည်သူများအတွက် အထူးလိုအပ်နေသည့် စွမ်းအင်ကို လုံခြုံစွာထောက်ပံ့နိုင်ရေး တို့ကို အထူးဦးစားပေးကြောင်း ချက်ဗရွန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုတ္တမပင်လယ်ကွေ့တွင် တည်ရှိသည့် ရတနာ ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းသည် နှစ်စဉ် ဓာတ်ငွေ့ကုဗမီတာ ၆ ဘီလျံခန့်ထွက်ရှိသည်။ ၎င်းမှ ၃၀ ရာခိုင်နှုန်းကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE က ပြည်တွင်းတွင် သုံးပြီး ရ၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချသည်။

ရတနာစီမံကိန်းတွင် တိုတယ်ကုမ္ပဏီသည် အကြီးဆုံးရှယ်ယာရှင်ဖြစ်ကာ ၃၁.၂၄ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ချက်ဗရွန်က ၂၈ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။ ကျန်အစုရှယ်ယာများအား ထိုင်းကုမ္ပဏီ PTTEP နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့က ပိုင်ဆိုင်ကြသည်။

ဗီဒီယိုများ