မြန်မာ့တော်လှန်ရေးမီးတောက်ကို လောင်စာထပ်ဖြည့်နေတဲ့ အိန္ဒိယသူပုန်တွေ

မြန်မာနိုင်ငံရှိ များပြားလှသော တိုင်းရင်းသားလူနည်စုများကဲ့သို့ပင် ဤအုပ်စုသည်လည်း တိုင်းရင်းသားဆိုင်ရာ အမျိုးသားရေးဝါဒဖြင့် လွတ်လပ်သောနိုင်ငံတော်ကို တည်ဆောက်ချင်နေကြသူများ ဖြစ်သည်။ ဇိုမီးတော်လှန်ရေး တပ်မတော် (ZRA) ကလည်း ဇိုမီးလူမျိုးများနေထိုင်ရာ ချင်းပြည်နယ် အရှေ့မြောက်ပိုင်းကို ဖက်ဒရယ်ပြည်နယ် တစ်ခုအဖြစ် ပုံဖော်ထားသည်။ ၎င်းအဖွဲ့ခေါင်းဆောင်များသည် ပိုင်သဲ (Paite) မျိုးနွယ်မှ အဓိကဖြစ်သည်။ ပိုင်သဲမျိုးနွယ်များသည် အိန္ဒိယနိုင်ငံ မဏိပူရနှင့် မီဇိုရမ်ပြည်နယ်တွင် နယ်စပ်ဖြတ်ကျော်အရေအတွက် ပိုများသည်။

By ကြည်ဖြူစံ 04 Jul 2022

ဓာတ်ပုံ - PTI

DMG ၊ ဇူလိုင် ၄

(ဘာသာပြန်ဆောင်းပါး)

မြန်မာနိုင်ငံမြောက်ပိုင်းမှ ချင်းတော်လှန်ရေးသမားများသည် အာဏာသိမ်းစစ်ကောင်စီ ကိုသာမက အိန္ဒိယနိုင်ငံမှ သောင်းကျန်းသူအုပ်စုများကိုလည်း တိုက်ခိုက်နေရသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် အကြမ်းဖက်မှုများ ပိုပြီးပျံနှံလျက်ရှိသည်။

မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးပြည်နယ်ဖြစ်သည့် ချင်းပြည်နယ်၏ အခြေအနေများက စိုးရိမ်ဖွယ်ကောင်းသည်။ ချင်းပြည်နယ်ရှိရွာများကိုလည်း  မြန်မာစစ်တပ် ထိုးစစ်ဆင်တိုက်ခိုက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများဖြင့် ရှင်းလင်း သုတ်သင်လျက်ရှိသည်။ အိန္ဒိယ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) နှင့် ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) နှစ်ဖွဲ့စလုံး အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်မှ နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေကြသည်။ ၎င်းအဖွဲ့များ အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းနေကြသည်ဟု အချို့က စွပ်စွဲထားသော်လည်း အဆိုပါစွပ်စွဲချက်ကို နှစ်ဖွဲ့လုံးက ငြင်းဆိုထားကြသည်။

ထိုသို့သော ပွတ်တိုက်မှုများက မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေမည့် အန္တရာယ်ဖြစ်လာနိုင်သည်။ တိုင်းရင်းသားမျိုးနွယ်ကွဲ ၃၁ မျိုးကျော်နေထိုင်သော ချင်းပြည်နယ်သည် နိုင်ငံရေးအရ ရှုပ်ထွေးသော ပြည်နယ်တစ်ခုဖြစ်သလို နယ်မြေစိုးမိုးနိုင်ရေး အတွက်လည်း အချင်းချင်းယှဉ်ပြိုင်နေရသည်။ ထို့အပြင် အိန္ဒိယပြဿနာကလည်း ချင်းပြည်နယ်ကို ခေါင်းကိုက်စေပြန်သည်။

၁၉၈၈ ခုနှစ်ကတည်းက ချင်းတိုင်းရင်းသားများ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့သော ချင်းအမျိုးသားတပ်ဦးမှ စစ်မှုထမ်းဟောင်းတစ်ဦးက “ချင်းပြည်နယ်မှ တော်လှန်ရေးသမားများက ZRA နှင့် PLA ကို စစ်ကြေညာခဲ့သည်” ဟု Nikkei Asia သို့ပြောသည်။

ZRA နှင့် PLA နှစ်ဖွဲ့လုံးအနေဖြင့် မြန်မာနိုင်ငံတွင်းမှာ လုံခြုံစိတ်ချရသောစခန်း လိုအပ်သကဲ့သို့ လက်နက်နှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုများတွင်လည်း မြန်မာစစ်တပ်၏ ကူညီပံ့ပိုးမှုများစွာ လိုအပ်သည်။ PLA တပ်ဖွဲ့ကို မဏိပူရရှိ  မီးဟိုက်သီဟိုင် (Meitei) လူမျိုးစုက ဦးဆောင်ပြီး မြန်မာနိုင်ငံတွင်းမှာ နှစ်ပေါင်းများစွာကတည်းက ခိုလှုံနေခဲ့သည်။ ချင်းလူမျိုးများနှင့်နီးစပ်သော တိုင်းရင်းသားဆက်ဆံရေးရှိသော ဇိုမီးသည် အသစ်ပေါ်ပေါက်လာသော အဖွဲ့အစည်းသစ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်ဟု ဆိုသော်လည်း ၎င်းတို့၏ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြီးခဲ့နှစ်ကမှ စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့၏ အဓိကခေါင်းဆောင်မှုကို မဏိပူရတွင်အခြေစိုက်ထားပြီး အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံရှိ များပြားလှသော တိုင်းရင်းသားလူနည်စုများကဲ့သို့ပင် ဤအုပ်စုသည်လည်း တိုင်းရင်းသားဆိုင်ရာ အမျိုးသားရေးဝါဒဖြင့် လွတ်လပ်သောနိုင်ငံတော်ကို တည်ဆောက်ချင်နေကြသူများ ဖြစ်သည်။ ဇိုမီးတော်လှန်ရေး တပ်မတော် (ZRA) ကလည်း ဇိုမီးလူမျိုးများနေထိုင်ရာ ချင်းပြည်နယ် အရှေ့မြောက်ပိုင်းကို ဖက်ဒရယ်ပြည်နယ် တစ်ခုအဖြစ် ပုံဖော်ထားသည်။ ၎င်းအဖွဲ့ခေါင်းဆောင်များသည် ပိုင်သဲ (Paite) မျိုးနွယ်မှ အဓိကဖြစ်သည်။ ပိုင်သဲမျိုးနွယ်များသည် အိန္ဒိယနိုင်ငံ မဏိပူရနှင့် မီဇိုရမ်ပြည်နယ်တွင် နယ်စပ်ဖြတ်ကျော်အရေအတွက် ပိုများသည်။

ဇိုမီးတော်လှန်ရေး တပ်မတော် (ZRA) အနေဖြင့် နယ်စပ်ရှိဒုက္ခသည်များကို သတိကြီးကြီးထားပြီး ကူညီပေးနေ သော်လည်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က အာဏာသိမ်းစစ်တပ်ကို ကူညီပေးနေသည်ဟု စွပ်စွဲခံထားရသည်။

“မြန်မာနိုင်ငံထဲမှာ ZRA ရဲ့စခန်းတွေမရှိဘူး။ ဒါကြောင့်လည်း သူတို့က မြန်မာစစ်တပ်ရဲ့ စစ်စခန်းတွေမှာ ခိုလှုံနေကြတယ်” ဟု တိုက်ခိုက်ရေးသမားတစ်ဦးက ပြောသည်။ PLA နှင့် ZRA နှစ်ဖွဲ့စလုံးက အရပ်သားများ ဦးဆောင်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များနှင့် အာဏာသိမ်းစစ်ကောင်စီကိုဆန့်ကျင်သည့် လက်နက်ကိုင်အဖွဲ့များအား ပစ်မှတ်ထာ းတိုက်ခိုက်နေကြသည်။ ထိုစွပ်စွဲချက်များက “ဝါဒဖြန့်ခြင်း”သက်သက်သာဖြစ်ကြောင်း နှစ်ဖွဲ့လုံးက ငြင်းဆိုထားသည်။

အမည်မဖော်လိုသော ZRA အဖွဲ့မှ အမှုဆောင်အရာရှိတစ်ဦးကတော့ ၎င်းတို့အဖွဲ့အနေဖြင့် မြန်မာစစ်တပ်နှင့် ပူးပေါင်းပြီး အခြားသောအဖွဲ့များကို နှိမ်နင်းနေတာမျိုး မရှိကြောင်း Nikkei Asia သို့ပြောသည်။ အမည်မဖော်လိုသော PLA ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း မြန်မာအာဏာပိုင်များနှင့် နားလည်မှုတစုံတရာ ရှိထားသော်လည်း ၎င်းတို့နှင့်ပူးပေါင်းပြီး အခြားအဖွဲ့များကို တိုက်ခိုက်နေသည်ဟု မယူဆသင့်ကြောင်း ပြောသည်။

မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ZRA အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကဲ့သို့သော အဖွဲ့သစ်များနှင့် အခြား သေးငယ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများစွာ ပေါ်ပေါက်လာခဲ့ကြောင်း ကျွမ်းကျင်သူများကပြောသည်။ မြန်မာနိုင်ငံတွင် ဆယ်စုနှစ်နှစ်ခုကြာသည်အထိ အလုပ်လုပ်ခဲ့သည့် လွတ်လပ်စွာလေ့လာသုံးသပ်သူ David Scott Mathieson က “ တချို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မြန်မြန်ဆန်ဆန် ကြီးထွားလာပြီ စစ်သည်အင်အား ပိုများလာသလို လက်နက်ကောင်းကောင်းတွေ ကိုလည်း ပိုပြီးကိုင်လာနိုင်ကြတယ်” ဟု ပြောသည်။

ထို့ကြောင့်ပဲ ဝေးလံခေါင်သီသောဒေသများတွင် လှုပ်ရှားနေကြသည့် သောင်းကျန်သူအဖွဲ့အချို့က အရပ်ဘက် စစ်ဘက် အားပြိုင်မှုများကို ရပ်တန့်လိုခြင်း မရှိသောကြောင့် မြန်မာစစ်တပ်နှင့် သဘောတူညီချက်တချို့ ရယူနိုင်ဖွယ်ရှိသည်။

ယင်းဒေသသည် ပဋိပက္ခများကိုဖြေရှင်းရန် ခက်ခဲသော တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာဒေသ ဖြစ်သောကြောင့် မြန်မာစစ်တပ်ကို တော်လှန်ကြရာတွင် တော်လှန်ရေးကြိုးပမ်းမှုများကို ရှုပ်ထွေးစေသည်။ ချင်းအမျိုးသားတပ်မတော်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် ဖြုတ်ချခံခဲ့ရသော ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် သဘောတူညီမှု ရရှိထားသည်။ ၎င်းတို့က မြို့နယ်များတွင် ဒေသခံကာကွယ်ရေးတပ်သားများကို လေ့ကျင့်ပေးနေပြီး တပ်ဖွဲ့ဝင်အင်အား ၂ သောင်းခန့်ရှိနိုင်ကြောင်း ခန့်မှန်းရသည်။

သို့သော် ZRA နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) ကဲ့သို့ တပ်ဖွဲ့ငယ်များကတော့ ချင်းအမျိုးသားတပ်မတော်နှင့် ၎င်း၏မိခင်တပ်ကို ချင်းအမျိုးသားကိုယ်စားပြုများအဖြစ် လက်မခံနိုင်ကြောင်း ပြောဆိုကြသည်။

“ချင်းပြည်နယ်မှာ အများသုံးဘာသာစကား၊ ဘုံဘာသာစကားမရှိဘူး” ဟု အိန္ဒိယနယ်စပ်အနီးရှိ CNDF ၏ Reh စခန်းမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ဟောင်း Gautam Mukhopadhya က ပြီးခဲ့သောနှစ်အာဏာသိမ်းမှုကြောင့် ဒေသတွင်းတိုက်ပွဲများ အရှိန်မြှင့်လာခြင်းကို အံ့ဩခြင်းမရှိပါ။ “ဆွေမျိုးအချင်းချင်း ပဋိပက္ခတွေက ဗဟိုအာဏာပိုင်တွေနဲ့ ပဋိပက္ခထက် ပိုပြီးပြင်းထန်တယ်” ဟု သူကပြောသည်။ “ရှမ်းပါတီအချင်းချင်းကြား ဖြစ်ပျက်နေတဲ့ပဋိပက္ခလိုမျိုး မြန်မာနိုင်ငံရဲ့နေရာတိုင်းလိုလိုမှာ ကျွန်တော်မြင်ပြီးသွားပြီ” ဟု မြန်မာနိုင်ငံမှ နောက်ထပ်စစ်ဒဏ်ခံနေရသော နေရာတစ်နေရာကို ရည်ညွှန်းပြီး သူကပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း အချင်းချင်း မယုံကြည်ကြသလို NUG နှင့် NLD ကို သတိထား စောင့်ကြည့်နေကြသည်။

“NLD ကို တိုင်းရင်းသားအများစုက ဗမာပါတီလို့ ယူဆကြတယ်။ ရခိုင် ဒါမှမဟုတ် ရှမ်းလို တိုင်းရင်းသားပါတီတွေထဲက အလုပ်ကောင်းကောင်း လုပ်နိုင်သူတွေကို NLD က အာဏာလွှဲအပ်ပြီး သူတို့ ကျော်ကြားမှုကို အသုံးချနိုင်တယ်။ ဒါပေမယ့် NLD က သူတို့လူကိုပဲ အမြဲနေရာပေးတယ်” ဟု သူကပြောသည်။

“အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လည်း သူတို့ဟာ စည်းလုံးညီညွတ်တဲ့ အမျိုးသားအစိုးရတစ်ရပ်ဖြစ်ကြောင်း ပြသဖို့ အလုပ်ကောင်းကောင်း လုပ်ခဲ့တာမျိုး မရှိသေးဘူး” ဆိုသောအချက်ကို Mukhopadhya က လက်ခံထားသည်။

“အဲဒါတွေက NLD ကို နိုင်ငံရေးယဉ်ကျေးမှုအရ နှောင့်ယှက်တာဖြစ်တဲ့အတွက် စစ်ကောင်စီကို ဆန့်ကျင်နေ သူအများစုအတွက်တော့ စိတ်မကောင်းစရာပဲ” ဟု အာဏာသိမ်းယူထားသော စစ်ကောင်စီကို ရည်ညွှန်းပြီး သူက ပြောသည်။

တစ်ချိန်တည်းမှာပင် မငြိမ်သက်မှုများက အိန္ဒိယအတွက်လည်း အနှောင့်အယှက်ဖြစ်စေသည်။ မြန်မာအကျပ်အတည်းနှင့် ပတ်သက်ပြီး နယူးဒေလီက ကြားနေရေးရပ်တည်ချက်ကို ဆက်လက်ထိန်းသိန်းထားပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတွင်းဖြစ်ပေါ်တိုးတက်မှုများ အပေါ် “နက်ရှိုင်းသော စိုးရိမ်ပူပန်မှု” အဖြစ်သာ ဖော်ပြခဲ့သည်။

မြန်မာစစ်တပ်နှင့်ဆက်ဆံရေးကို ဆက်ပြီးထိန်းသိမ်းထားသောကြောင့် အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်စရာ အချက်တစ်ခု ဖြစ်လာသည်။ ပြီးခဲ့သောဒီဇင်ဘာလအတွင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင်း ခိုလှုံနေသော PLA တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရသော အိန္ဒိယစစ်မှုထမ်း၏ မိသားစုဝင်များနှင့် အခြားအမှုထမ်းလေးဦးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာလွှဲပြောင်းခြင်းမပြုသေးမီကပဲ အိန္ဒိယ - မြန်မာစစ်တပ်တို့က PLA နှင့် အခြား သောင်းကျန်းသူအဖွဲ့များအား နှိမ်နင်းရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပူးတွဲစစ်ဆင်ရေးများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ မေလတုန်းကလည်း သောင်းကျန်းသူ ၂၂ ယောက်ကျော်ကို အိန္ဒိယသို့ လွှဲပြောင်းပေးခဲ့သည်။

သို့သော်လည်း မြန်မာစစ်တပ်က သောင်းကျန်းသူများနှင့် ပတ်သက်ပြီး ထိန်းသိမ်းရာတွင် လမ်းလွှဲနိုင်ကြောင်း အိန္ဒိယက မျှော်လင့်ထားပြီးဖြစ်သည်ဟု လေ့လာသူများ၏ ပြောကြားချက်အရ သိရသည်။ မြန်မာနိုင်ငံအနေဖြင့် အခြေအနေကို ထိန်းချုပ်နိုင်စွမ်းမရှိဟု ၎င်းတို့ကဆိုပါသည်။ “မြန်မာစစ်တပ်နဲ့ အိန္ဒိယစစ်တပ်အကြား နားလည်မှု မရှိဘူး” ဟု အငြိမ်းစားအရာရှိတစ်ယောက်က ပြောသည်။

အလားတူပင် မြန်မာစစ်တပ်နှင့် အိန္ဒိယသူပုန်များကြား မဟာမိတ်ဖွဲ့မှုက မည်သူ့ကိုမှ အကျိုးဖြစ်ထွန်းဖွယ်မရှိဟု သံအမတ်ဟောင်းက ယုံကြည်ထားသည်။ “လူထုရဲ့တော်လှန်ရေးရေစီးကြောင်းကို ရပ်တန့်ဖို့ မြန်မာစစ်တပ်က မြေအောက်အဖွဲ့အစည်းတွေကို အသုံးပြုနေတာက အချည်းနှီးကြိုးပမ်းမှုပါပဲ” ဟုလည်း ပြောသည်။

ကြည်ဖြူစံ

Nikkei Asia တွင်ဖော်ပြထားသော “Insurgents from India add fuel to fire in Myanmar’s restive north” ကို ဆီလျော်အောင်ရေးသားသည်။

ဗီဒီယိုများ