၁၀၂၇ စစ်ဆင်ရေး ရခိုင်အထိ ကျယ်ပြန့်လာနိုင်

မြောက်ပိုင်းညီနောင်မဟာမိတ် AA၊ TNLA၊ MNDAA တို့၏ ‘၁၀၂၇’ စစ်ဆင်ရေးလှုပ်ရှားမှုမှာ လက်ရှိတွင် အရှိန်မြင့်တက်နေပြီး စစ်ရေးလှုပ်ရှားမှုနယ်မြေလည်း တဖြည်းဖြည်း ကျယ်ပြန့်လာနေသည်။

By Admin 09 Nov 2023

‘၁၀၂၇’ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၁၅၀ ခန့်အား သိမ်းပိုက်ထားပြီဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။ 
‘၁၀၂၇’ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၁၅၀ ခန့်အား သိမ်းပိုက်ထားပြီဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။ 

DMG ၊ နိုဝင်ဘာ ၉ 

မြောက်ပိုင်းညီနောင်မဟာမိတ် AA၊ TNLA၊ MNDAA တို့၏ ‘၁၀၂၇’ စစ်ဆင်ရေးလှုပ်ရှားမှုမှာ လက်ရှိတွင် အရှိန်မြင့်တက်နေပြီး စစ်ရေးလှုပ်ရှားမှုနယ်မြေလည်း တဖြည်းဖြည်း ကျယ်ပြန့်လာနေသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့၏ နိုဝင်ဘာ (၈) ရက်နေ့ ထုတ်ပြန်ချက်တွင် ရခိုင်ဒေသအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းများ လှုပ်ရှားသွားလာနေသည်ကို ပိုမိုတွေ့လာရပြီး ရေလမ်းကြောင်းကို အဓိကအသုံးပြု၍ စစ်ရေးလှုပ်ရှားနေသည်မှာ သိသာထင်ရှားကြောင်း ဆိုသည်။ အများပြည်သူနေ့စဉ်သွားလာရာ နေရာများတွင် စစ်ဆေးမှုများကို ပိုမိုတင်းကြပ်စွာ ကိုင်တွယ်လာနေသည်ကို ဆက်တိုက်တွေ့မြင်ရသည်ဟု ဆိုထားသည်။ 

ထို့သို့ စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ရခိုင်ပြည်ဘက်သို့ ၁၀၂၇ စစ်ဆင်ရေး ကျယ်ပြန့်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောကြသည်။ 

“ပြည်မဘက်က ကိစ္စတွေကို မကျေနပ်တဲ့အတွက် စစ်ကောင်စီက ဒီဘက်မှာ ပြဿနာရှာလာနိုင်တယ်။ သူတို့ (စစ်ကောင်စီ)လည်း အင်အားကိုဖြန့်ကြဲနေရလို့ ရခိုင်ပြည်မှာ စစ်ရေးမဖြစ်ချင်လို့ သူတို့ဘက်က မလုပ်တာဖြစ်တယ်။ သို့သော် ULA/AA နဲ့ စစ်ကောင်စီဟာ စစ်ကြေညာပြီးသားဖြစ်နေတယ်။ အဲဒါကြောင့် တိုက်ပွဲ မဖြစ်လာဘူးလို့ မပြောနိုင်ဘူး။ တိုက်ပွဲတွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားကြတာတွေ ရှိနေတယ်” ဟု နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းက ပြောသည်။ 

ညီနောင်မဟာမိတ် (၃) ဖွဲ့ ထုတ်ပြန်ချက်တွင် ရခိုင်ဒေသတွင်း လူမှုရေး တက်ကြွလှုပ်ရှားသူများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ ခရီးသွားလာမှုဆိုင်ရာ အချက်အလက်များကို စစ်ကောင်စီက ပိုမိုတင်းကြပ်စွာ စစ်ဆေးလာနေပြီး ဒေသခံ မီဒီယာသမားများအား ဖမ်းဆီးခြင်း၊ မြို့နယ်အချို့တွင် စစ်ကောင်စီ အခြေစိုက်တပ်စခန်းများမှ လက်နက်ပစ်ခတ်မှုများကို ဆက်တိုက် လက်ဆောင်လာနေခြင်းများမှာ ရခိုင်ဒေသအတွင်း ၁၀၂၇ စစ်ဆင်ရေး၏ အစဟု ဖော်ပြထားသည်။

တစ်ဘက်တွင်လည်း ရခိုင်ပြည်အတွင်း တိုက်ပွဲဖြစ်ခဲ့သည်ရှိသော် တပ်အင်အား အခက်အခဲများ ဖြစ်လာနိုင်၍ စစ်ကောင်စီအနေဖြင့် တိုက်ပွဲဖော်ဆောင်လိမ့်မည် မဟုတ်ဟု သုံးသပ်မှုများ ရှိနေသည်။ 

“ရခိုင်က ဒေသအရပြောရရင် ၇၀ ရာခိုင်နှုန်းက AA ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတယ်။ အဲဒါကြောင့် ရခိုင်ဒေသမှာ စစ်ကောင်စီအနေနဲ့ စစ်ရေးလှုပ်ရှားမှုကို တစုံတရာ လုပ်နိုင်ခြေသိပ်မရှိဘူး။ ရခိုင်ဘက်မှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်လာခဲ့ရင်လည်း ဒီဘက်(ပြည်မ)က တပ်တွေကို ပြန်လွှတ်ဖို့က သူ့(စစ်ခေါင်းဆောင်)အတွက် အတော်ကြီးမားတဲ့ အခက်အခဲဖြစ်တယ်” ဟု နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။ 

ညီနောင်မဟာမိတ် (၃) ဖွဲ့က ‘၁၀၂၇’ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့မှ နိုဝင်ဘာ ၈ ရက်နေ့ထိ စစ်ဆင်ရေး (၁၃) ရက်တာအတွင်း ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီနှင့် ကြူကုတ်(ပန်ဆိုင်း)၊ ကောလင်း၊ မုံးကိုးမြို့များကို ထိန်းချုပ်နိုင်ထားပြီဖြစ်ကြောင်း ထုတ်ပြန်သည်။ 

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်စခန်းကြီး/ငယ် ၁၅၀ ခန့်အား သိမ်းပိုက်ရရှိထားသလို စစ်ဘက်ဆိုင်ရာ သံချပ်ကာ ကား (၆) စီးကိုလည်း သိမ်းဆည်းရရှိထားပြီဖြစ်သည်။

ထို့ကြောင့် ‘၁၀၂၇’ စစ်ဆင်ရေးလှုပ်ရှားမှုများ ရခိုင်ပြည်တွင်းထိ ကျယ်ပြန့်လာပြီး တိုက်ပွဲများဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်မှုများရှိနေကြသည်။ 

“၁၀၂၇ စစ်ဆင်ရေးက ရခိုင်ဘက်ကို ရောက်လာမလားဆိုပြီး တွေးပူတယ်။ သူများတွေဆီကလည်း ဒီစစ်ဆင်ရေး ရခိုင်ဘက်ကို ရောက်လာမယ်လို့ ပြောကြတာတွေ ကြားရတယ်။ အဲဒါကြောင့် ကြိုတင်ပြင်ဆင်မှုအနေနဲ့ အိမ်မှာ ဗုံးခိုကျင်းတွေ တူးသင့်၊ မတူးသင့်ကို စဉ်းစားနေကြတယ်” ဟု စစ်တွေမြို့ခံ ဒေါ်ခင်သန်းမြက ပြောသည်။ 

လက်ရှိ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတွင် နွေဦးတော်လှန်ရေး အင်အားစုများဖြစ်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်တော် (PLA)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မန္တလေး-ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) စသည်တို့လည်း ပူးပေါင်းတိုက်ခိုက်နေကြောင်း BNI-Myanmar Peace Monitor ၏ အစီရင်ခံစာတွင် ဖော်ပြသည်။   

၁၀၂၇ စစ်ဆင်ရေးမှာ ရှမ်းပြည်မြောက်ပိုင်းဒေသများ၊ ရှမ်းပြည်အရှေ့ပိုင်းဒေသ၊ လောက်ကိုင်စသော ကိုးကန့် ဒေသတခွင်အပြင် မန္တလေးတိုင်း မိုးကုတ်၊ ပြင်ဦးလွင်နှင့် စစ်ကိုင်းတိုင်း ကောလင်းမြို့အထိ နယ်မြေဖြန့်ကျက် လှုပ်ရှားလာနေကြောင်း နိုင်ငံတကာမြန်မာသတင်းအဖွဲ့ - BNI ၏ အစီရင်ခံက ဆိုသည်။ 

#D004 #DMG 

ဗီဒီယိုများ