ရခိုင်တွင် ယခုနှစ် ပထမခြောက်လအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၀၆ မှုဖြစ်ပွားခဲ့ကာ သေဆုံးသူ ၇၅ ဦးအထိရှိခဲ့

ရခိုင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၀၆ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေ ၇၅ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူပေါင်း ၁၃၆ ဦးရှိခဲ့ကြောင်း  ပြည်နယ်ယာဉ်ထိန်းရဲရုံးမှ သိရသည်။

10 Jul 2021

ဓါတ်ပုံ - ၂၀၁၇ ခုနှစ်က ရခိုင်တွင်ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတစ်ခုအားတွေ့ရစဉ်

DMG ၊ ဇူလိုင် ၁၀

ရခိုင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၀၆ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေ ၇၅ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူပေါင်း ၁၃၆ ဦးရှိခဲ့ကြောင်း  ပြည်နယ်ယာဉ်ထိန်းရဲရုံးမှ သိရသည်။

ယာဉ်မတော်တဆ အများဆုံးဖြစ်ပွားခဲ့သော မြို့နယ်များမှာ သံတွဲ၊ တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ စစ်တွေမြို့နယ်နှင့် အမ်းမြို့နယ်တို့ဖြစ်ကြောင်း အမှတ်(၅)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ရခိုင်)မှ ဒုတပ်ခွဲမှူး မြတ်မိုးကျော်သူက DMG သို့ ပြောသည်။

“ခရိုင်တွေနဲ့ကြည့်ရင်တော့ သံတွဲခရိုင်ကယာဉ်တိုက်မှု အများဆုံးဖြစ်တယ်။ မြို့နယ်တွေနဲ့ကြည့်လိုက်လို့ရှိရင် သံတွဲ၊ တောင်ကုတ်၊ စစ်တွေအစရှိသည့်ပေါ့။ အဓိကဖြစ်ပွားမှုများတာက အရက်သေစာသောက်စားပြီးတော့မှ ဆိုင်ကယ်တွေမောင်းတဲ့အခါ လမ်းဘေးမှာရှိတဲ့အရာဝတ္ထုတွေနဲ့တိုက်တယ်။ မြောင်းထဲကိုပြုတ်ကျတာတွေ ရှိတယ်။ အဲဒါ့ကြောင့်သေဆုံးသွားတာတွေများနေတာ” ဟု ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် ယာဉ်မတော်တဆမှု ၁၉ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၂ ဦးရှိခဲ့ကာ ဧပြီလတွင် ယာဉ်မတော်တဆမှု ၂၂ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၂ ဦးတို့ရှိခဲ့ကာ ယခုနှစ်ပထမခြောက်လအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှု အများဆုံးလများဖြစ်ကြောင်းလည်း ပြောသည်။

“ဒီနှစ်က သင်္ကြန်ကျင်းပလိုက်တဲ့အတွက် ယာဉ်တိုက်မှုတွေများသွားတာ။ ဒါကြောင့်ဧပြီလမှာတော့ အမှုတွေ လည်း ပိုဖြစ်ပွားခဲ့တယ်။ ဒဏ်ရာရသူတွေလည်း ပိုများခဲ့တယ်။ သေဆုံးသူတွေကလည်း ပိုများခဲ့တာပေါ့” ဟု ဒုတပ်ခွဲမှူး မြတ်မိုးကျော်သူက ပြောသည်။

ထို့အတူ ဇန်နဝါရီလတွင်လည်း ယာဉ်မတော်တဆဖြစ်ပွားမှု ၁၆ မှုနဲ့ သေဆုံးသူဦးရေ ၁၀ ဦး၊ မတ်လတွင် ၁၅ မှု သေဆုံးသူဦးရေ ၆ ဦး၊ မေလတွင် ၁၈ မှု သေဆုံးသူဦးရေ ၁၃ ဦး၊ ဇွန်လတွင် ၁၆ မှု သေဆုံးသူဦးရေ ၁၂ ဦးတို့ ရှိခဲ့သည်ဟုလည်း  ပြည်နယ်ယာဉ်ထိန်းရုံး၏ စာရင်းဇယားများအရသိရသည်။

ယာဉ်မတော်တဆမှု လျှော့ကျသွားရန်နိုင်အတွက် ယာဉ်ထိန်းရဲများက အပတ်စဉ် ပညာပေးခြင်းများ လုပ်ဆောင်နေကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်က ယာဉ်မတော်တဆဖြစ်ပွားခဲ့သည့် အမှုပေါင်း ၃၃၇ မှုရှိခဲ့ပြီး သေဆုံးသူဦးရေ ၁၄၄ ဦးနှင့် ၂၀၂၀ ခုနှစ်တွင် ယာဉ်မတော်တဆဖြစ်ပွားမှု အမှုပေါင်း ၂၁၉ မှုရှိခဲ့ကာ သေဆုံးသူဦးရေ ၁၂၁ ဦး ရှိခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ