ရမ်းဗြဲမြို့တွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ

ရခိုင်ပြည်၊ ရမ်းဗြဲမြို့တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ ယနေ့ နံနက် ၇ နာရီကျော်က ၁၀ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် မြို့ကို လာရောက်ဗုံးကြဲခဲ့ကြောင်း သိရသည်။ 

By Admin 18 Dec 2023

ရမ်းဗြဲမြို့ဝင်တစ်နေရာ။ 
ရမ်းဗြဲမြို့ဝင်တစ်နေရာ။ 

နေ့လယ် ၁၂ နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် ၈ ကြိမ်ခန့် လာရောက်ဗုံးကြဲခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

“သံတွဲမြို့ဘက်ကတက်လာတဲ့ ဂျက်ဖိုက်တာက မြို့ကို ရှစ်ကြိမ်လောက် ဗုံးလာကြဲတယ်။ အခု ဒေသခံတွေ အကုန်လုံး မြို့ကိုစွန့်ပြီး ထွက်ပြေးနေကြတယ်။ ဒဏ်ရာရတာတွေတော့ လောလောဆယ် မကြားရသေးဘူး။ ဗုံးကြဲတာ နာရီခွဲလောက် ကြာတယ်” ဟု ရမ်းဗြဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားတစ်ဦးက ပြောသည်။ 

ရမ်းဗြဲမြို့သည် ရခိုင်ပြည်တောင်ပိုင်းတွင် တည်ရှိပြီး ယခင်စစ်ရေးကာများအတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ပေ။ ယနေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ရမ်းဗြဲမြို့ထွက်ဝ အောင်ချမ်းသာဘုရားတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီစခန်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

“ရမ်းဗြဲမြို့ထွက်ဝ သာစည်ပြင်ရွာနားမှာ စစ်တပ်က နေရာယူထားတာရှိတယ်။ အဲဒီမှာ သေနတ်ပစ်သံတွေ အပြန်အလှန်ကြားရတယ်။ ပြီးတော့ အဲဒီနေရာနဲ့နီးတဲ့ စစ်ကောင်စီတပ်စခန်းတွေကနေ လှမ်းပစ်နေတာရှိတယ်။ တောင်မော်ကြီး(ကျောက်ဖြူ)ရေတပ်ဘက်ကလည်း လက်နက်ကြီးတွေ လှမ်းပစ်နေတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရမ်းဗြဲမြို့ခံတစ်ဦးက ပြောသည်။

ရမ်းဗြဲဒေသခံအမျိုးသမီးတစ်ဦးက “မနေ့က သေနတ်ပစ်သံတွေရှိခဲ့တယ်။ ဒီနေ့တော့ မနက်ကတည်းက ပစ်ခတ်နေတာပါ။ လက်နက်ကြီး ၃ ကြိမ်၊ လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ်နေတယ်။ အဲ့ဒါကြောင့် အကုန်လုံးကြောက်ရွံ့ပြီး တိမ်းရှောင်နေသူတွေလည်း ရှိပါတယ်” ဟု ပြောသည်။ 

ဒီဇင်ဘာ ၁၇ ရက်၊ နံနက် ၁၁ နာရီကျော်က ရမ်းဗြဲမြို့တွင် ဆေးခန်းပြီးပြန်လာသော ဒေသခံနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထားသည်။ သရက်ချောင်းကျေးရွာနေ ဦးဇော်ဇော် (၃၇ နှစ်)နှင့် မောင်ဆန်းထက်ကျော် (ခ)မောင်မောင် (၁၉ နှစ်)တို့အား ဖမ်းဆီးသွားခြင်းဖြစ်ပြီး မိသားစုဝင်များထံ DMG က ဆက်သွယ်နေဆဲဖြစ်သည်။ 

“အမှတ်(၅)ရပ်ကွက်မှာ တပ်ချထားတဲ့ စစ်သားတွေက ကားကို ရပ်ခိုင်းပြီး ဖမ်းဆီးသွားတာပါ။ ပြန်လွတ်၊ မလွတ်ကိုတော့ အတိအကျမသိရသေးဘူး” ဟု ရမ်းဗြဲမြို့ခံတစ်ဦးက ပြောသည်။ 

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲစတင်သည့် နိုဝင်ဘာ ၁၃ ရက်မှစ၍ ကုန်းလမ်း၊ ရေလမ်း သွားလာခွင့်ကို စစ်ကောင်စီကကန့်သတ်ထားပြီး ဒေသခံများကိုလည်းအကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးနေသည်။ 

တိုက်ပွဲကာလ တစ်လကျော်အတွင်း စစ်တွေ၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ၊ ပုဏ္ဏားကျွန်း စသည့် မြို့နယ်များတွင် စစ်ကောင်စီ ဖမ်းဆီးထားသည့် အရပ်သား ၄၃၀ ကျော်အထိ ရှိလာကြောင်း ရက္ခိုင့်တပ်တော်(AA)က ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

ဗီဒီယိုများ