ရခိုင်တွင် ဆောက်လုပ်ရေးပစ္စည်းများ ဈေးတင်ရောင်းချသူများကို အရေးယူရန် စစ်ခေါင်းဆောင် မှာကြား

ထိုသို့အရေးယူခြင်းထက် ကုန်စည်စီးဆင်းမှုလမ်းကြောင်းတွင် ကန့်သတ်ချက်များကို ဖြေလျော့ပေးရန်လိုအပ်ကြောင်း ဆောက်လုပ်ရေးပစ္စည်း ရောင်းချသူများက ပြောသည်။

By Admin 11 Jul 2023

စစ်ခေါင်းဆောင်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၀ ရက်က ရသေ့တောင်မြို့ တွေ့ဆုံပွဲတွင် တွေ့ရစဉ်။ ဓာတ်ပုံ - ရခိုင်နေ့စဉ်
စစ်ခေါင်းဆောင်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၀ ရက်က ရသေ့တောင်မြို့ တွေ့ဆုံပွဲတွင် တွေ့ရစဉ်။ ဓာတ်ပုံ - ရခိုင်နေ့စဉ်

DMG ၊ ဇူလိုင် ၁၁

ပြည်သူများ အခက်ကြုံနေရချိန်တွင် ဆောက်လုပ်ရေးပစ္စည်းများနှင့် အခြား အသုံးအဆောင်ပစ္စည်းများကို အဆမတန် ဈေးနှုန်းမြှင့်တင် ရောင်းချနေသူများကို ထိရောက်စွာ အရေးယူရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်နယ်စစ်ကောင်စီကို မှာကြားခဲ့ကြောင်း သိရသည်။

လတ်တလော ရခိုင်ပြည်ကို ရောက်ရှိနေသည့် စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင် ၁၀ ရက်နေ့ ပြည်နယ်စစ်ကောင်စီ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

“တာဝန်ရှိသူတွေအနေနဲ့ ဈေးနှုန်းမြှင့်တင် ရောင်းချနေသူတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားဖို့ လိုပါတယ်။ ဥပဒေအရ ထိရောက်တဲ့ပြစ်ဒဏ်တွေကို ပေးရမှာဖြစ်ပြီး မိမိတို့ တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ကျိုး စီးပွားအတွက် ဒေသခံအချင်းချင်း အမြတ်ထုတ်ဆောင်ရွက်ခြင်းမှာ မဖြစ်သင့်ကြောင်း” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

“မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်အတွင်းက နေအိမ်အဆောက်အအုံ အများအပြား ပျက်စီးခဲ့ရပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ အဝယ်များလာသဖြင့် ဈေးနှုန်း မြင့်တက်သွားခဲ့သည်။

မုန်တိုင်းမတိုက်မီက အိမ်မိုးသံမှို တစ်ပိဿာကို ငွေကျပ် ၈,၀၀၀ ရှိခဲ့ရာမှ မုန်တိုင်းတိုက်ပြီးနောက် ငွေကျပ် ၁၅,၀၀၀ အထိ စစ်တွေမြို့က အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်တစ်ချို့တွင် ဈေးနှုန်းမြင့်တက်သွားခဲ့သည်။

ယင်းသို့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် ကုန်ပစ္စည်းများအား ဈေးတင်ရောင်းချသူများကို ပြည်နယ်စစ်ကောင်စီက စစ်ဆေးမှုများရှိခဲ့ပြီး ရက္ခိုင့်တပ်တော် (AA)ကလည်း ကုန်ဈေးနှုန်းမြှင့်တင် ရောင်းချသည့် စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့မှ ဆိုင်ပိုင်ရှင်အချို့ကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

“ကုန်ဈေးနှုန်းတွေ မတက်အောင် ထိန်းညှိပေးတယ်ဆိုတာကတော့ စားသုံးသူတွေဘက်က ပြန်ကြည့်ရင် ကောင်းမွန်တဲ့အခြေအနေကို သွားတယ်လို့ မြင်ပါတယ်” ဟု ရခိုင်ပြည်နယ်၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးတင်အောင်ဦးက ပြောသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်းက လူဦးရေ ၁၅ သိန်းကျော် ထိခိုက်နစ်နာခဲ့ရပြီး ပြန်လည်ထူထောင်ရေးအတွက် စိန်ခေါ်မှုများစွာရှိနေသေးကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် ဆောက်လုပ်ရေးပစ္စည်းများ ဈေးတင်ရောင်းသူများကို အရေးယူခြင်းထက် ကုန်စည်စီးဆင်းမှုလမ်းကြောင်းများမှ ကန့်သတ်ချက်များကို ဖြေလျော့ပေးစေလိုသည်ဟု စစ်တွေမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

“အိမ်ဆောက်ပစ္စည်းမှာရင် နယ်/လုံလက်မှတ်ကို စောင့်နေရတာနဲ့ လမ်းခရီးမှာကြာတယ်။ ကားခတွေကလည်း ဈေးတက်လာတယ်။ ပစ္စည်းတွေမှာပြီဆိုရင် စစ်တွေကိုရောက်ဖို့အတွက် ၂ ပတ်လောက်ကြာတယ်။ တခါတလေ နယ်/လုံလက်မှတ် မပါရင် ၃ ပတ်လောက် ကြာသွားတာလည်းရှိတယ်” ဟု ၎င်းကဆက်ပြောသည်။

မှာယူထားသည့် အိမ်ဆောက်ပစ္စည်းများ ရောက်သင့်ချိန် မရောက်ဘဲ လမ်းခရီးတွင် ကြန့်ကြာခြင်းများကြောင့် ပစ္စည်းကြိုတင်လက်ခံထားသည်များကို မအပ်နိုင်ဘဲ အရှုံးပေါ်သည်များလည်းရှိကြောင်း အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင်က ပြောသည်။

လက်ရှိ ရခိုင်ပြည်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများအပြင် အခြားကုန်ပစ္စည်းများမှာလည်း ဈေးနှုန်း မြင့်တက်နေဆဲဖြစ်သည်။

#I003

ဗီဒီယိုများ