အမ်းမြို့အခြေစိုက် နပခကို AA တိုက်ခိုက်နေ

AA ပစ်ခတ်သည့် လက်နက်ကြီးကျည်များမှာ စစ်ဌာနချုပ်နှင့် အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုနှင့် အဆောင်ပျက်စီးမှုများရှိကြောင်း သိရသည်။

By Admin 11 Apr 2024

အမ်းမြို့အခြေစိုက် နပခကို AA တိုက်ခိုက်နေ

DMG ၊ ဧပြီ ၁၁ 

ရခိုင်ပြည်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော်(AA)က ဧပြီလ ၉ ရက် ညနေပိုင်းကစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။ 

AA ပစ်ခတ်သည့် လက်နက်ကြီးကျည်များမှာ စစ်ဌာနချုပ်နှင့် အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုနှင့် အဆောင်ပျက်စီးမှုများရှိကြောင်း သိရသည်။

“တချိန်တည်းမှာ နပခနဲ့ ဆက်သွယ်ရေးတပ်ကို AA က လက်နက်ကြီးနဲ့ တိုက်ခိုက်တာ။ ဆက်သွယ်ရေးတပ်က ဗိုလ်မှူးကြီးတစ်ယောက် ဒဏ်ရာရလို့ တပ်ဆေးရုံကိုတင်ပြီး နောက်တစ်နေ့နေ့လယ်မှာ ဆေးရုံမှာပဲ ဆုံးသွားတယ်” ဟု အမ်းမြို့ခံ သတင်းရင်းမြစ်တစ်ဦးက DMG ကို ပြောသည်။

အမ်းမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၂၄ ရက်မှစ၍ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး ကျေးရွာပေါင်း ၃၀ ခန့်မှ ဒေသခံအများအပြားမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။ 

လက်ရှိ AA တိုက်ခိုက်နေသော စစ်ဌာနချုပ်မှာ အမ်းမြို့နှင့် နီးကပ်စွာတည်ရှိသဖြင့် မြို့နေပြည်သူများမှာ လုံခြုံရေးစိုးရိမ်ချက်များ ရှိနေကြသည်။ 

“နပခနဲ့ ဆက်သွယ်ရေးရုံးကို အေအေက ပစ်တဲ့နေ့ကစပြီး လူတွေက တော်တော်စိုးရိမ်နေကြတယ်။ နပခနဲ့ မြို့နဲ့က နီးနီးလေးပဲလေ။ စစ်ပွဲတွေ မြို့ပေါ်ကို ရောက်လာတော့မလားဆိုတဲ့ စိုးရိမ်မှုတွေရှိကြတယ်။ ထွက်ပြေးဖို့ကလည်း ငွေလိုသေးတယ်။ ငွေရှိပြန်ရင်လည်း စစ်ကောင်စီက မြို့အဝင်အထွက်ပိတ်ထားတော့ ထွက်ပြေးဖို့ လမ်းမရှိဘူး” ဟု အမ်းမြို့ခံ နောက်တစ်ဦးက ပြောသည်။ 

လက်ရှိ အမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းများရှိသည့် နပခ၊ ကဇူးကိုင်းအုပ်စုရှိ တောဟိန်းတောင်ဗျူဟာ၊ နတ်စင်တောင် စသည့် နေရာများကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ 

အမ်းမြို့နယ်အတွင်း စစ်ကောင်စီက စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေသောကြောင့် မကွေးတိုင်းနှင့် ရခိုင်ပြည်ကို ဆက်သွယ်ထားသည့် အမ်း-ပဒါန်းကားလမ်းကို AA က ဧပြီ ၂ ရက်မှစ၍ ပိတ်ထားလိုက်သည်။ 

အမ်းတိုက်ပွဲများနှင့် ပတ်သက်ပြီး AA ပြောခွင့်ရ ဦးခိုင်သုခနှင့် ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းတို့ကို DMG က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ဗီဒီယိုများ