- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
- လက်နက်ကိုင်တပ်ဖွဲ့အချို့ လူမျိုးရေးအစွဲပြု၍ ဖြိုခွဲနေကြောင်း စစ်ကောင်စီ လက်ဝေခံ ပါတီများ အပြစ်ဆို
- AA ပစ်ခတ်သဖြင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားနှစ်ဦး ဒဏ်ရာရ
- ရသေ့တောင်၊ ထွန်းရဝေရွာ ဗုံးကြဲခံရမှု ဒေသခံ ၁၃ ဦး သေဆုံး၊ ၂၀ ဦးထက်မနည်း ဒဏ်ရာရ
ဆုံးရှုံးနယ်မြေများကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လာ
စစ်ကောင်စီသည် နိုင်ငံတစ်ဝန်း လက်လွှတ်ဆုံးရှုံးထားရသော နယ်မြေများကို ပြန်လည်ရရှိရန်အတွက် လေကြောင်းတိုက်ခိုက်မှုကို အရှိန်မြှင့်လုပ်လာကြောင်း နိုင်ငံတကာမြန်မာ့သတင်း - BNI အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြသည်။
24 Sep 2024

DMG ၊ စက်တင်ဘာ ၂၄
စစ်ကောင်စီသည် နိုင်ငံတစ်ဝန်း လက်လွှတ်ဆုံးရှုံးထားရသော နယ်မြေများကို ပြန်လည်ရရှိရန်အတွက် လေကြောင်းတိုက်ခိုက်မှုကို အရှိန်မြှင့်လုပ်လာကြောင်း နိုင်ငံတကာမြန်မာ့သတင်း - BNI အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြသည်။
BNI မှတ်တမ်းအရ စက်တင်ဘာ ၁ ရက်မှ ၁၆ ရက်ထိ မြို့နယ်ပေါင်း (၂၉) ခုတွင် လေကြောင်းတိုက်ခိုက်မှု (၅၁) ကြိမ်ထိ ပြုလုပ်ခဲ့သည်။ ယင်းအပြင် ဩဂုတ်လအတွင်း လေကြောင်းဗုံးကြဲမှု ၁၁၈ ကြိမ်ရှိခဲ့ပြီး ထိုအရေအတွက်မှာ အာဏာသိမ်းကာလတလျှောက် လေကြောင်းတိုက်ခိုက်မှု အများဆုံးလဖြစ်ကြောင်း BNI ၏ လေ့လာချက်အရ သိရသည်။
“စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို လေ့လာကြည်ရင် တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ် သိမ်းပိုက်တာခံထားရတဲ့ မြို့တွေကို ပြန်လည်ရရှိရေး ပစ်မှတ်ထားနေသလို တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်ရာ မြို့နယ်တွေမှာလည်း လေကြောင်းကတစ်ဆင့် ဗုံးကြဲပစ်ခတ်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေတာကို တွေ့ရတယ်” ဟု BNI အစီရင်ခံစာက ဆိုထားသည်။
အာရက္ခတပ်တော်(AA)၊ ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ် (TNLA) တို့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည်။ အထူးသဖြင့် ညီနောင်သုံးဖွဲ့တို့၏ ထိန်းချုပ်နယ်မြေ အသီးသီးကို နေ့စဉ်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။
နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေ ကာကွယ်သွားမည်ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့များနှင့်ပတ်သက်၍ အခြေအနေအရပ်ရပ်အပေါ် မူတည်ပြီး တုံ့ပြန်သွားမည်ဟု စစ်ခေါင်းဆောင်က စက်တင်ဘာ ၂ ရက်နေ့တွင် ပြောဆိုထားသည်။
လူမှုရေးလှုပ်ရှားသူ ရခိုင်လူငယ်တစ်ဦးက “စစ်တပ်ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပြန်ယူမယ် ပြောထားပေမယ့် ဘယ်လိုမှမရနိုင်တော့ အရပ်သားကိုဦးတည်ပြီး တိုက်ခိုက်လာတယ်။ ဘာတိုက်ပွဲမှမရှိတဲ့ နေရာတွေကိုတောင် လေယာဉ်နဲ့ လာလာကြဲနေတာကြာပြီ” ဟု ပြောသည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းရန်ကို နေ့စဉ်နှင့်အမျှ စိုးရိမ်ကြောင့်ကြနေရပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်အရလည်း လုံခြုံမှုကင်းမဲ့နေကြရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုများလာပြီး အမျိုးသမီးနှင့် ကလေးငယ်များ၊ သက်ကြီရွယ်အိုများ၊ မသန်စွမ်းသူများ အများဆုံး ထိခိုက်ခံစားကြရသည်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ နိုင်ငံရေးနှင့်သုတေသန အကြံပေးဖြစ်သူ ကိုမိုးထက်နေက “စစ်တပ်ရဲ့ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ကိစ္စတွေက အမျိုးသမီးတွေ၊ ကလေးငယ်တွေအတွက်တော့ အင်မတန်ကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်ကြုံတွေ့နေရတာမျိုး တွေ့ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် ဒရုန်းတွေ အသုံးပြုပြီးတော့ ဗုံးကြဲတာတွေကို လုပ်လာတဲ့အတွက် ရှောင်တိမ်းဖို့ ခက်ခဲတာမျိုးတွေ၊ နောက် ရုတ်တရက် ပြေးလွှားနိုင်ခြင်း မရှိနိုင်တာတွေကြောင့်မို့ ထိခိုက်ဒဏ်ရာရ သေဆုံးတာမျိုးတွေလည်း ရှိပါတယ်” ဟု DMG ကို ဖြေဆိုထားသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဧပြီလ ၃၀ ရက်ထိ လေးလတာအတွင်း မြန်မာနိုင်ငံတဝန်းတွင် စစ်ကောင်စီ လေကြောင်းပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ် ၈၁၉ ခုနှင့် အကြိမ်ရေ ၂,၅၆၇ ကြိမ်ရှိခဲ့ပြီး အရပ်သားထိခိုက်သေဆုံးသူ ၁,၁၁၅ ဦးထိရှိကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ စာရင်းအရ သိရသည်။