- ကမ္ဘာ့စစ်ရာဇဝတ်မှုများ စစ်ဆေးရေးအသုံးစရိတ် ထရမ့်အစိုးရ အကြီးအကျယ် ဖြတ်တောက်ရန် လိုလား
- ရခိုင်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သူ အာမခံဖြင့် လွတ်မြောက်နေ
- ရခိုင်လွတ်မြောက်ခြင်းသည် တစ်နိုင်ငံလုံးတော်လှန်ရေးအတွက် ကြီးမားသောသက်ရောက်မှုရှိနေကြောင်း ချင်းညီနောင်ပြော
- အိန္ဒိယနယ်စပ်တွင် အလုပ်သမားစရိတ် မြင့်တက်နေသဖြင့် ရခိုင်ကုန်သည်များ ညဉ်းညူ
- ငှက်ဖျားကြောင့် သေဆုံးမှုမြင့်တက်နေသည့် အမ်းတွင် ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး လိုအပ်နေ
ရသေ့တောင်၊ ထွန်းရဝေရွာ ဗုံးကြဲခံရမှု ဒေသခံ ၁၃ ဦး သေဆုံး၊ ၂၀ ဦးထက်မနည်း ဒဏ်ရာရ
“ သေဆုံးဒဏ်ရာရသူတွေထဲမှာ ကလေးတွေ၊ အမျိုးသမီးတွေလည်း အများအပြားပါတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
13 May 2025

DMG ၊ မေ ၁၃
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရသေ့တောင်မြို့နယ်၊ ထွန်းရဝေ(ရွာဟောင်း)ကျေးရွာကို ယနေ့ (မေ ၁၃)၊ နံနက် ၁၀ နာရီကျော်တွင် စစ်ကောင်စီက ဗုံးကြဲခဲ့သဖြင့် ဒေသခံ ၁၃ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
ဂျက်ဖိုက်တာနှင့် ပေါင် ၅၀၀ ဗုံးဖြင့် ကျေးရွာအတွင်းကို ဗုံးကြဲချခဲ့မှုကြောင့် သေဆုံးဒဏ်ရာရသူ များပြားကာ နေအိမ် ၁၀ ကျော်လည်း ပျက်စီးသွားခဲ့သည်။
“ သေဆုံးဒဏ်ရာရသူတွေထဲမှာ ကလေးတွေ၊ အမျိုးသမီးတွေလည်း အများအပြားပါတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
လက်ရှိတွင် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများ၏ အသေးစိတ်အချက်အလက်ကို ကောက်ယူနေပြီး ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးခန်းများ၌ ဆေးဝါးကုသမှု ပေးနေသည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။
ထွန်းရဝေကျေးရွာသည် ပုဏ္ဏားကျွန်း - ရသေ့တောင်ကားလမ်းမအနီးတွင် တည်ရှိပြီး စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းစသည့် ဒေသမှ စစ်ဘေးရှောင်အများအပြား ခိုလှုံနေသည့် ကျေးရွာတစ်ခုဖြစ်သည်။
ယင်းကြောင့် ဒေသခံအများစုမှာ စိုးရိမ်စိတ်များစွာဖြစ်နေကြောင်း ပြောဆိုကြသည်။
အလားတူ ယနေ့ (မေ ၁၃)၊ နံနက် ၄ နာရီဝန်းကျင်ကလည်း ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲခဲ့သည့်အတွက် ဘုန်းတော်ကြီးကျောင်းဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ငလျင်ကို အကြောင်းပြပြီး နိုင်ငံတဝန်း အပစ်ခတ်ရပ်ထားကြောင်း ကြေညာထားသည့် စစ်ကောင်စီသည် လူနေကျေးရွာ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စစ်ဘေးရှောင်စခန်း၊ ဆေးရုံ၊ ဆေးခန်းများကို ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်ရှိနေသည်။
CDM ဗိုလ်ကြီးဇင်ယော်က " သူတို့(စစ်ကောင်စီ)က ပြည်သူကို ရှုံးမဲ့မဲ့တော့တာ။ ကာကွယ်ရေး အင်အားစုတွေနဲ့ တွေ့တိုင်း မြေပြင်တိုက်ပွဲတွေမှာ သူတို့တွေ မရှုမလှ ရှုံးရတယ်ပေါ့နော်။ များသောအားဖြင့် စာသင်ကျောင်းတွေ၊ စစ်ရှောင်စခန်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဆေးရုံ၊ ဆေးခန်းတွေ ဒီလိုနေရာမျိုးတွေကိုပဲ ရွေးချယ်ပြီးပစ်မှတ်ထားပြီး တိုက်ခိုက်လာတာ လက်နက်မဲ့ ပြည်သူတွေကိုပဲ ဖိလုပ်လာတဲ့ စစ်ရှုံးအကြမ်းဖက်တပ်ရဲ့ လုပ်ရပ်လို့ပဲ ကျနော်တို့ကတော့ မြင်မိပါတယ်" ဟု ပြောသည်။
စစ်ကောင်စီသည် စစ်ပွဲနှင့် မသက်ဆိုင်သည့် နေရာများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ကြောင်း ဝေဖန်နေကြသည်။
နိုင်ငံအနှံ့အပစ်ရပ်ကြောင်း ကြေညာထားသော်လည်း စစ်ကောင်စီသည် နိုင်ငံတစ်ဝန်းတွင် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး အရပ်သားထိခိုက်သေဆုံးမှုမှာလည်း နေ့စဉ်မြင့်တက်လျက်ရှိနေသည်။