လမ်းခရီးပိတ်ဆို့ခံထားရသည့် ရခိုင်တွင် ငွေသားရှားပါးမှုဖြစ်လာ

ရခိုင်ပြည်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ရခိုင်ဒေသကို လမ်းခရီးပိတ်ဆို့ထားသဖြင့် မြို့နယ်အများအပြားတွင် ငွေသားရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

By Admin 30 Dec 2023

လမ်းခရီးပိတ်ဆို့ခံထားရသည့် ရခိုင်တွင် ငွေသားရှားပါးမှုဖြစ်လာ

ငွေသားရှားပါးလာမှုကြောင့် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့်မြို့နယ်များတွင် KBZ Pay နှင့် Wave Pay တို့မှ ငွေသားထုတ်ယူရာ၌ ၁၀ ရာခိုင်နှုန်းကျော်အထိ ဖြတ်တောက်ခံနေရသည်ဟု ဒေသခံများက ပြောသည်။

“တစ်သိန်းကို တစ်သောင်းနှစ်ထောင်ကျပ်အထိ ပေးရတယ်။ ငွေငါးသိန်းလွဲရင် ခြောက်သောင်းကို ဒီအတိုင်း ပေးလိုက်ရပြီ” ဟု မြောက်ဦးမြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တတိယအကြိမ် တကျော့ပြန်တိုက်ပွဲ စတင်ခဲ့သည့် နိုဝင်ဘာ ၁၃ ရက်မှစတင်၍ ကုန်းလမ်း၊ ရေလမ်းခရီးသွားလာခွင့်ကို စစ်ကောင်စီက ယနေ့အထိ ပိတ်ပင်တားမြစ်ထားသည်။

လက်ရှိတွင် ရခိုင်မြောက်ပိုင်း မြို့နယ်များအပြင် တောင်ဘက်ပိုင်းက မြို့နယ်များအထိပါ စစ်ရေးပဋိပက္ခ ကျယ်ပြန့်လာနေပြီး တိုက်ပွဲဖြစ်ပွားရာမြို့များ၌လည်း ဘဏ်လုပ်ငန်းများ ရပ်တန့်နေသည်။ 

ထို့ကြောင့် ကမ္ဘောဇဘဏ်၊ ရိုးမဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်နေသော Wave Pay ၊ KBZ Pay ဒိုင်များမှာလည်း ငွေသွင်း၊ ငွေထုတ်ပြုလုပ်ရာတွင် အဆင်မပြေ ဖြစ်လာကြသည်‌။ 

“ဘဏ်တွေ အလုပ်မလုပ်တော့ အရင်လို အချိတ်အဆက် အဆင်မပြေဘူး။ ပြီးတော့ လမ်းလည်းပိတ်ထားတယ်။ အဲဒါကြောင့် ဒိုင်သမားတွေက ငွေသွင်း၊ ငွေထုတ်အဆင်မပြေကြဘူး။ ကိုယ့်မှာရှိတဲ့ ငွေသားတွေကို သူများတွေလည်း အဆင်ပြေအောင်ဆိုပြီး ထုတ်ပေးနေကြတာပဲရှိတယ်” ဟု မင်းပြားမြို့နယ်မှ ငွေလွှဲငွေထုတ် လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ကျောက်တော်နှင့် ပေါက်တောမြို့နယ်တို့တွင်လည်း KBZ Pay၊ Wave Pay တို့မှ ငွေထုတ်ယူရာ၌ ငွေကျပ်တစ်သိန်းထုတ်လျှင် ငွေကျပ်တစ်သောင်းမှ တစ်သောင်းခွဲအထိ ဝန်ဆောင်ခပေးရကြောင်း ဒေသခံများက ပြောသည်။

“ဒီကာလမှာ ငွေထုတ်ပေးတာကိုတော့ ကျေးဇူးတင်တယ်။ ဒါပေမယ့် ခေတ်ကာလမကောင်းတဲ့ကြားထဲ ရာခိုင်နှုန်းအများကြီးတောင်းတာကတော့ မဖြစ်သင့်ဘူး။ ခေတ်ပျက်ကာလမှာ ငွေရှိတဲ့သူက သူဌေးပိုဖြစ်တယ် ဆိုသလိုမျိုးဖြစ်နေပြီ” ဟု ပေါက်တောမြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်း ခရီးသွားလာခွင့်ကို ရက်တာရှည်ပိတ်ထားသဖြင့် စီးပွားရေးလုပ်ငန်း အများအပြားရပ်တန့်နေပြီး ပြည်တွင်းစီးပွားရေးမှာလည်း စိုးရိမ်စရာဖြစ်လာကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်နေကြသည်။

ဗီဒီယိုများ