၁၀၂၇ စစ်ဆင်ရေး ၃၅ ရက်အတွင်း မြို့ကြီး ၅ မြို့နှင့် နယ်စပ်ဂိတ် ၄ ခုကို သိမ်းပိုက်နိုင်ခဲ့

"ဒီစစ်ဆင်ရေးဟာ မြို့သိမ်းတိုက်ပွဲတွေအထိ ဦးတည်တိုက်ခိုက်လာကြတော့ စစ်ကောင်စီကလည်း ဗျူဟာကျကျနဲ့ ပြည်သူတွေကို ပြင်းပြင်းထန်ထန် ဒုက္ခပေးနိုင်တယ်” ဟု ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။ 

By Admin 01 Dec 2023

ဓာတ်ပုံ - The Kokang
ဓာတ်ပုံ - The Kokang

DMG ၊ ဒီဇင်ဘာ ၁ 

၁၀၂၇ စစ်ဆင်ရေး ၃၅ ရက်အတွင်း ရှမ်းပြည်နယ်၊ မြောက်ပိုင်းရှိ မြို့ကြီး ၅ မြို့အပါအဝင် အခြားသော မြို့အချို့ကို အလုံးစုံထိန်းချုပ်ထားပြီး တရုတ်-မြန်မာနယ်စပ်ဂိတ် ၄ ခုကို သိမ်းပိုက်ထားကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ (MNDAA + TNLA + AA)က နိုဝင်ဘာ ၃၀ ရက်တွင် ကြေညာသည်။ 

ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်းနှင့် ကုန်ကြမ်း မြို့ကြီး(၅)မြို့နှင့် ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်းနှင့် ကျင်းစန်းကြော့ တရုတ်-မြန်မာနယ်စပ်ဂိတ် (၄) ခုကို သိမ်းပိုက်ထားခြင်းဖြစ်သည်။ 

ယင်းအပြင် စစ်ကောင်စီ၏ တပ်ရင်း၊ တပ်စခန်း ၂၀၀ ကျော်ကိုလည်း သိမ်းပိုက်ထားပြီး လက်နက်ချ အညံ့ခံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်ရှိကြောင်း ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ 

၁၀၂၇ စစ်ဆင်ရေးအရ မြို့သိမ်းတိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်လာနိုင်၍ ပြည်သူများအနေဖြင့် လုံခြုံရေးနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားသင့်ကြောင်း ထောက်ပြမှုများရှိနေသည်။ 

“ညီနောင်သုံးဖွဲ့က စပြီး စစ်ကြေညာကတည်းက သူတို့မှာ အဆုံးထိတိုက်ကြဖို့ ရည်ရွယ်ချက်တွေ ရှိကြလိမ့်မယ်။ ဆိုတော့ ဒီစစ်ဆင်ရေးဟာ မြို့သိမ်းတိုက်ပွဲတွေအထိ ဦးတည်တိုက်ခိုက်လာကြတော့ စစ်ကောင်စီကလည်း ဗျူဟာကျကျနဲ့ ပြည်သူတွေကို ပြင်းပြင်းထန်ထန် ဒုက္ခပေးနိုင်တယ်” ဟု ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။ 

စစ်ကောင်စီသည် နိုင်ငံတဝန်း တိုက်ပွဲဖြစ်ပွားရာ ဒေသများတွင် အရပ်သားများနေထိုင်သည့် ကျေးရွာများနှင့် မြို့ပြများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရှိနေ၍ အရပ်သားထိခိုက်သေဆုံးမှုမှာ နေ့စဉ်နှင့်အမျှ တိုးလာနေသည်။ 

နိုဝင်ဘာ ၂၉ ရက်က ကိုးကန့်တပ်မတော် (MNDAA) သည် ကိုးကန့်ခရိုင်၊ တုန်ရှမ်းဒေသ၊ ရင်ကျန့်ထမ်ရွာနှင့် နယ်စပ် BP မှတ်တိုင် (၁၂၆) တွင် စခန်းချထားသည့် စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် တစ်နာရီကျော်အကြာတွင် ယင်းစခန်း (၂) ခုအား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

ညီနောင်သုံးဖွဲ့၏စစ်ဆင်ရေးမှာ မျှော်မှန်းထားသည်ထက် အောင်မြင်နေပြီး တခြားတော်လှန်ရေးအင်အားစု များကလည်း ပေါင်းစည်းရန်လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်မှုရနိုင်ဖို့က နိုင်ငံတစ်ဝန်းမှာရှိတဲ့ တော်လှန်ရေးအင်းအားစုတွေအနေနဲ့ စုပေါင်းပြီး စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်နိုင်ရင် မကြာခင်မှာ ပြည်သူတွေမျှော်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်နိုင်မယ်” ဟု သူက ပြောသည်။

တိုက်ပွဲများအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ကျဆုံးပေးဆပ်ရမှုများ ရှိနေသော်လည်း ၁၀၂၇ စစ်ဆင်ရေးသည် ရပ်တန့်သွားခြင်းမရှိဘဲ ဟန်ချက်ညီညီဆင်နွှဲလျက်ရှိကြောင်း ညီနောင်သုံးဖွဲ့က ဆိုထားသည်။ 

#D007 #DMG

ဗီဒီယိုများ