တစ်နှစ်ကျော်အတွင်း တိုင်ကြားလာသည့် အမှုများထဲမှ အမှုပေါင်း ၂၅၀၀ ကျော် ဖြေရှင်းရန်ကျန်သေးဟု ULA တရားဥပဒေရေးရာဌာန ထုတ်ပြန်

ရခိုင်ပြည်အတွင်း တရားစီရင်ရေးလုပ်ငန်းများကို စစ်ကောင်စီနှင့်အပြိုင် လုပ်နေသည့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ တရားဥပဒေရေးရာဌာနသို့ တိုင်ကြားလာသည့် အမှုများထဲမှ အမှုပေါင်း ၂၅၀၀ ကျော်ကို ဖြေရှင်းရန် ကျန်ရှိနေသေးကြောင်း သိရသည်။

By Admin 25 Oct 2023

DMG ၊ အောက်တိုဘာ ၂၅

ရခိုင်ပြည်အတွင်း တရားစီရင်ရေးလုပ်ငန်းများကို စစ်ကောင်စီနှင့်အပြိုင် လုပ်နေသည့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ တရားဥပဒေရေးရာဌာနသို့ တိုင်ကြားလာသည့် အမှုများထဲမှ အမှုပေါင်း ၂၅၀၀ ကျော်ကို ဖြေရှင်းရန် ကျန်ရှိနေသေးကြောင်း သိရသည်။

(ULA) ၏ တရားဥပဒေရေးရာဌာနသို့ ၂၀၂၂ ခုနှစ်တွင် တိုင်ကြားလာသည့် အမှုများထဲမှ အမှုပေါင်း ၂၈၈၂ မှု ဖြေရှင်းရန်ကျန်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် စက်တင်ဘာလအထိ တိုင်ကြားလာသည့် အမှုပေါင်း ၃၁၁၂ မှု ဖြစ်သဖြင့် စုစုပေါင်းအမှုမှာ ၅၉၉၄ မှု ဖြစ်သည်။ ယင်းအထဲမှ ၃၄၂၂ မှုကို ဖြေရှင်းနိုင်ခဲ့သဖြင့် ဖြေရှင်းရန်ကျန်သည့် အမှုမှာ ၂၅၇၂ မှုဖြစ်ကြောင်း ULA တရားဥပဒေရေးရာဌာန၏ လူမှုကွန်ယက်စာမျက်နှာ Justice for Arakan က အောက်တိုဘာ ၂၄ ရက်က ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် လက်ကျန်အမှုစုစုပေါင်း ၂၈၈၂ မှုထဲတွင် ရာဇဝတ်မှု ၉၉၉ မှုနှင့် တရားမမှု ၁၈၈၃ မှုဖြစ်သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ဖြေရှင်းနိုင်ခဲ့သည့် အမှုစုစုပေါင်း ၃၄၂၂ မှုတွင် ရာဇဝတ်မှု ၁၅၄၀ မှုနှင့် တရားမမှု ၁၈၈၂ မှုပါဝင်သည်။ ဖြေရှင်းရန်ကျန်ရှိနေသော အမှုစုစုပေါင်း ၂၅၇၂ မှုထဲတွင် ရာဇဝတ်မှု ၈၅၀ မှုနှင့် တရားမမှု ၁၇၂၂ မှုပါဝင်ကြောင်း သိရသည်။

“တရားမမှုသည် ရာဇဝတ်မှုထက် နေရခြင်းမှာ တရားမမှု၏ သဘောသဘာဝအရ အမှုဖြေရှင်းရာတွင် ရာဇဝတ်မှုထက် ကြန့်ကြာတတ်ကြောင်း” Justice for Arakan က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်းက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှာ ရခိုင်ပြည်အတွင်း တရားစီရင်ရေးကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဟု ကြေညာခဲ့ပြီးနောက် အမှုများကို စတင်ဖြေရှင်းလာပြီး လက်ရှိတွင် ၂ နှစ်ကျော်အထိ ကြာမြင့်လာပြီဖြစ်သည်။

သို့သော်လည်း ULA ၏ တရားစီရင်ရေးမှာ အားနည်းချက်များရှိနေပြီး အထူးသဖြင့် အောက်ခြေဝန်ထမ်းအချို့၏ လာဘ်ပေးလာဘ်ယူမှုများ ရှိသောကြောင့် ULA/AA အကြီးအကဲများအနေဖြင့် သေသေချာချာ ကိုင်တွယ်သင့် ကြောင်း ဒေသခံများကပြောဆိုကြသည်။

စစ်တွေဒေသခံတစ်ဦးက “စစ်ကောင်စီရဲ့ တရားစီရင်ရေးတွေကို အားမရတဲ့အတွက် ဒေသခံတွေက ULA တရားရေးဌာနကို တိုင်လာကြတာတွေရှိတယ်။ အမျိုးသားရေးအရ ULA/AA ကို အားကိုးချင်စိတ်တွေ ရှိကြတယ်။ ဒါပေမယ့် အောက်ခြေဝန်ထမ်းတွေက လာဘ်ပေး၊ လာဘ်ယူမှုတွေရှိတဲ့အတွက် တရားစီရင်ရေးအပိုင်းတွေမှာ ယိမ်းယိုင်သွားတာတွေရှိတယ်။ ဒါတွေကို တာဝန်ရှိသူတွေအနေနဲ့ သေချာကိုင်တွယ်ဖို့ လိုပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်ကလည်း အာရက္ခပြည်သူ့အစိုးရ၊ တရားဥပဒေရေးရာဌာန လက်အောက်ရှိ တရားရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်ရန်အတွက် ဒေသနေလူငယ်များကို လျှောက်လွှာခေါ်ယူခဲ့သည်။

တရားစီရင်ရေးကိစ္စရပ်များတွင် အင်အားဖြည့်ရန်အတွက် ထိုသို့ခေါ်ယူခြင်းဖြစ်သည်ဟု ULA/AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG သို့ ပြောဆိုထားသည်။

ရသေ့တောင်မြို့မှ ဒေသခံတစ်ဦးက “ကျနော်တို့ ရသေ့တောင်မြို့နယ်က ဒေသတွေမှာဆိုရင် အမှုတွေကို ULA တရားရုံးတိုင်တာ ပိုများတယ်။ တရားရုံးတွေကို အလွှဲအပြောင်းရှိတဲ့အတွက် အမှုတွေက ကြန့်ကြာမှုတွေရှိတယ်။ နောက်ပြီးတော့ သူတို့ချိန်းတဲ့ရုံးတွေကို သွားရတဲ့အတွက် သွားရေးလာရေး၊ ငွေရေးကြေးရေးတွေက အခက်အခဲတွေရှိတယ်” ဟု ပြောသည်။

ဗီဒီယိုများ