ရခိုင်တွင် စစ်ကောင်စီ လက်နက်စမ်းသပ်မှု ဆက်တိုက်လုပ်ဆောင်နေ 

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး/ငယ် စမ်းသပ်ပစ်ခတ်မှုများ ဆက်တိုက်ရှိလာနေပြီး ယခုရက်ပိုင်းအတွင်း မင်းပြားမြို့နယ်တွင် လက်နက်စမ်းသပ်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

By Admin 08 Nov 2023

စစ်ကောင်စီ၏ ခြေလျင်၊ တင့်နှင့် အမြောက်တပ်ဖွဲ့များ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတစ်ခုကို ၂၀၁၂ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ  - Myanmar Defence Weapons
စစ်ကောင်စီ၏ ခြေလျင်၊ တင့်နှင့် အမြောက်တပ်ဖွဲ့များ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတစ်ခုကို ၂၀၁၂ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ - Myanmar Defence Weapons

DMG ၊ နိုဝင်ဘာ ၈

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး/ငယ် စမ်းသပ်ပစ်ခတ်မှုများ ဆက်တိုက်ရှိလာနေပြီး ယခုရက်ပိုင်းအတွင်း မင်းပြားမြို့နယ်တွင် လက်နက်စမ်းသပ်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ လေ့ကျင့်ရေးသင်တန်းကျောင်း တိုင်းဗဟို(၉) မှ ယခုရက်ပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ် စမ်းသပ်ပစ်ခတ်မှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။ 

"လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ကြားရတယ်။ ဘယ်ကို ပစ်မှန်းတော့ မသိဘူး။ အသံတွေ ကြားရတယ်။ ဒီနေ့မနက် ၇ နာရီလောက်နေ ၉ နာရီလောက်ကတော့ လက်နက်ငယ် ၄၀ ကျော်လောက် ပစ်ခဲ့တယ်” ဟု မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်နက်စမ်းသပ်ပစ်ခတ်နေသည့် မင်းပြားအခြေစိုက် တိုင်းဗဟို (၉) အနီးတွင် မေလွန်း၊ ကြာအင်းတောင်၊ အိုးပုံတောင်၊ ချဲကျွေးရွာ၊ ကမ်းနီ၊ ပန်းနွယ် စသည့် ကျေးရွာပေါင်း ၁၀ ခန့်ရှိပြီး လက်နက်စမ်းသပ်မည့်အကြောင်းကို အသိပေးပြောဆိုထားခြင်း မရှိသဖြင့် စိုးရိမ်မှုများရှိကြောင်း ဒေသခံများက ပြောသည်။  

"သူတို့က လေ့ကျင့်နေကြတာ ဆိုပေမယ့် ကျမတို့က စိုးရိမ်တယ်။ လေ့ကျင့်မှုပြုလုပ်တာကို ကြိုတင်ပြောဆိုထားတာမရှိဘဲ ဒီအတိုင်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်တဲ့အသံကြားတော့ စိုးရိမ်တာပေါ့” ဟု မင်းပြားမြို့နယ်၊ အိုးပုံတောင်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ယခုနှစ်၊ အောက်တိုဘာ ၁၉ ရက်နှင့် ၂၀ ရက်နေ့ကလည်း တိုင်းဗဟို(၉)က လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှု ၂ ရက် ဆက်တိုက်ပြုလုပ်ခဲ့ပြီး အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ ၅၅၀ တပ်ရင်းက လက်နက်ကြီး/ငယ်များ စမ်းသပ်မှုများ ရှိခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လကလည်း မင်းပြားမြို့ အခြေစိုက် စစ်ကောင်စီတပ် ခမရ ၃၇၉ တပ်ရင်းက လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ရခိုင်တွင် ယခုနှစ်အတွင်း စစ်ကောင်စီတပ်က လက်နက်စမ်းသပ် ပစ်ခတ်မှုများကို လစဉ်နီးပါး ဆက်တိုက်လုပ်ဆောင်လာခြင်း ဖြစ်သည်။ 

လက်နက်စမ်းသပ်ပစ်ခတ်မည့် နေ့ရက်၊ နေရာနှင့် အချိန်တို့ကို ဒေသခံများအား အသိပေးခြင်းများရှိသလို အသိမပေးခြင်းများလည်း ရှိနေသည်။ 

စစ်ကောင်စီအနေဖြင့် လက်နက်စမ်းသပ် ပစ်ခတ်မည်ဆိုပါက အနီးအနားရှိဒေသခံများ စိုးရိမ်မှုမဖြစ်ရအောင် ကြိုတင်အသိပေးသင့်ကြောင်း ဒေသခံများက ပြောကြသည်။

"အရင်နှစ်တွေကလည်း မိုင်းပေါက်ကွဲပြီး နွားတွေ ဒဏ်ရာတွေရပြီး သေသွားတာတွေလည်းရှိတယ်။ အခုဆိုရင် နွားတွေ လွှတ်ထားရင် လက်နက်ကြီးတွေထိမှာ စိုးရိမ်တယ်။ ဒါကြောင့် စမ်းသပ်မယ်ဆိုရင်လည်း ကျေးရွာသားတွေကို အသိပေးသင့်တယ်" ဟု မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီတပ်က လက်နက်စမ်းသပ်ပစ်ခတ်မှုများနှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။ 

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား နှစ်ဖက်နားလည်မှုဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အပစ်ရပ်ခဲ့ကြပြီး တိုက်ပွဲများငြိမ်သက်နေသည်မှာ ၁ နှစ် ပြည့်တော့မည် ဖြစ်သည်။ 

သို့သော် AA ပါဝင်သည့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ရခိုင်တွင် စစ်ကောင်စီက စစ်အင်အားတိုးချဲ့မှုများနှင့် ခရီးသွားပြည်သူများအား တင်းကြပ်စွာစစ်ဆေးမှုများ ပြုလုပ်နေသဖြင့် တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ 

#D006 #DMG

ဗီဒီယိုများ