- ပေါက်တောက ကျေးရွာအချို့တွင် သောက်သုံးရေ ပြတ်လပ်နေ
- AA ထိန်းချုပ်နယ်မြေအချို့တွင် သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေး စတင်လုပ်ဆောင်
- ဖားကန့်ကို ဦးတည်လာသည့် စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲပြင်းထန်
- ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျောက်ဖြူဆေးရုံကြီးတွင် လုံခြုံရေးအပြည့်ဖြင့် ဆေးကုနေ
- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
ရခိုင်ကဘဏ်များတွင် ငွေကြေးပြတ်လပ်မည့် အရေးနှင့်ကြုံနေရ
တိုက်ပွဲစတင်သည့် နိုဝင်ဘာ ၁၃ ရက်မှစပြီး လမ်းပိတ်ထားခြင်းဖြစ်ပြီး ရက်ကြာလာသည်နှင့်အမျှ ဘဏ်များတွင် ငွေနည်းလာသဖြင့် အကန့်အသတ်ဖြင့်သာ ထုတ်ပေးနေရကြောင်း ဘဏ်ဝန်ထမ်းအသိုင်းအဝိုင်းက ပြောသည်။
29 Nov 2023

DMG ၊ နိုဝင်ဘာ ၂၉
ရခိုင်ပြည်အတွင်း လမ်းခရီးသွားလာမှုကို စစ်ကောင်စီက ပိတ်ဆို့ထားသဖြင့် မြို့အများအပြားမှ ဘဏ်များတွင် ငွေကြေးပြတ်လပ်မည့်အရေးနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။
တိုက်ပွဲစတင်သည့် နိုဝင်ဘာ ၁၃ ရက်မှစပြီး လမ်းပိတ်ထားခြင်းဖြစ်ပြီး ရက်ကြာလာသည်နှင့်အမျှ ဘဏ်များတွင် ငွေနည်းလာသဖြင့် အကန့်အသတ်ဖြင့်သာ ထုတ်ပေးနေရကြောင်း ဘဏ်ဝန်ထမ်းအသိုင်းအဝိုင်းက ပြောသည်။
“ဘဏ်တွေမှာက ငွေတွေနည်းလာပြီ။ လမ်းတွေပိတ်ထားလို့ ငွေသားတွေကို စစ်တွေကနေ သွားယူရတာ အဆင်မပြေဘူး။ လမ်းတွေကိုသာ အကြာကြီးပိတ်ထားရင် ဘဏ်တွေလည်း လုံးဝပိတ်သွားနိုင်တဲ့ အခြေအနေဖြစ်သွားလိမ့်မယ်” ဟု ဘဏ်နှင့်နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ငွေထုတ်ယူသူလည်း များပြားနေခြင်းကြောင့် ဘဏ်များတွင် ငွေကြေးပြတ်လပ်လာခြင်း ဖြစ်သည်။
စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်တွင် ငွေကြေးပြတ်လပ်မှုရှိလာ၍ အကန့်အသတ်ဖြင့်သာ ထုတ်ပေးနေပြီး ငွေသားအများစုကို စစ်ကောင်စီတပ်စခန်းများတွင် သိမ်းထားကြောင်း စုံစမ်းသိရှိရသည်။
လက်ရှိမှာ မြောက်ဦးမြို့ ကမ္ဘောဇဘဏ်(ခွဲ)၌ သုံးရက်ကြာမှ ငွေသားနှစ်သိန်းသာ ထုတ်ယူ၍ရကြောင်း လေညှင်းတောင်ရွာမှ ငွေလွှဲငွေထုတ် ဝန်ဆောင်မှုလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
“ဟိုရက်ပိုင်းက ၅ သိန်းထုတ်ပေးတယ်။ အခုက ၂ သိန်းပဲ ထုတ်ပေးတော့တယ်။ ကိုယ့်အကောင့်ထဲက ငွေတွေကို သုံးရက်နေမှ ငွေ ၂ သိန်းထုတ်ပေးနေတော့ ကျမတို့လည်း လာထုတ်ရတာ အဆင်မပြေဘူး” ဟု ၎င်းက ပြောသည်။
မြောက်ဦးမြို့တွင် ကမ္ဘောဇဘဏ်၊ ကမ္ဘာ့ရတနာဘဏ်၊ မြန်မာ့စီးပွားရေးဘဏ် တို့ရှိပြီး နေ့စဉ် ငွေထုတ်ယူသူ အနည်းအများအပေါ် မူတည်ပြီး ငွေကြေးများကို အကန့်သတ်ဖြင့်သာ ထုတ်ပေးနေရကြောင်း သိရသည်။
စစ်တွေမြို့ရှိ ဘဏ်များတွင်လည်း ငွေအဝင်အထွက်နှင့် အကောင့်အမျိုးအစားအပေါ် မူတည်ပြီး ငွေထုတ်ပေးနေရသည်ဟု လူမှုကူညီရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“တစ်ယောက်တည်းအသုံးပြုတဲ့ အကောင့်တွေကိုတော့ သိန်း ၂၀ လောက် ထုတ်ပေးတာတွေ၊ အဖွဲ့အစည်း အကောင့်တွေဆိုရင် သိန်း ၁၀၀ လောက် ထုတ်ပေးတာတွေရှိတယ်။ ငွေထုတ်များတဲ့ နေ့တွေဆိုရင် အဲဒါထက် နည်းတာတွေလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။
အလားတူ ကျောက်ဖြူမြို့တွင် ကမ္ဘောဇဘဏ်နှင့် ကမ္ဘာ့ရတနာဘဏ်တို့မှ တစ်ဦးကို တစ်ပတ်လျှင် ငွေကျပ် ၁၀ သိန်း၊ မာန်အောင်မြို့တွင် ကမ္ဘောဇဘဏ်မှ လူတစ်ဦးကို တစ်ပတ်လျှင် ငွေကျပ် ၅ သိန်းနှုန်းသာ ထုတ်ပေးကြောင်း သိရသည်။
လက်ရှိမှာ နယ်မြေမတည်ငြိမ်မှုကြောင့် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ မင်းပြားမြို့ရှိ ဘဏ်များပိတ်ထားသဖြင့် ပြည်သူများမှာ ငွေလွှဲ၊ ငွေထုတ်ကိစ္စများအတွက် အခက်ကြုံနေရကြရပြီး လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ကုန်စည်နှင့် ငွေကြေးစီးဆင်းမှု ပြတ်လပ်လျက်ရှိသည်။
#D008 #DMG