- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
ကျောက်ဖြူတွင် တိုက်ပွဲဖြစ်ပွား
ကျောက်ဖြူမြို့နယ်၊ ဇိုင်ချောင်းကျေးရွာအနီး (ဒေသအခေါ်) သစ်ပုတ်တောင်လမ်းခွဲတွင် ယနေ့ ဇွန်လ ၁၇ ရက်၊ နံနက် ၇ နာရီအချိန်မှစ၍ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
17 Jun 2024

DMG ၊ ဇွန် ၁၇
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဇိုင်ချောင်းကျေးရွာအနီး (ဒေသအခေါ်) သစ်ပုတ်တောင်လမ်းခွဲတွင် ယနေ့ ဇွန်လ ၁၇ ရက်၊ နံနက် ၇ နာရီအချိန်မှစ၍ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကန္ဒီကျေးရွာနှင့် မိကျောင်းတက်ကျေးရွာကိုဖြတ်၍ သစ်ပုတ်တောင်လမ်းခွဲဘက်သို့ ချီတက်လာသော စစ်ကောင်စီ၏ သင်တန်းဆင်းမွတ်ဆလင်များအပါအဝင် ၁၀၀ ခန့်ရှိ စစ်ကြောင်းနှင့် AA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“နှစ်ဘက် ထိတွေ့တိုက်ပွဲဖြစ်တာပါ။ စစ်ကောင်စီအထိုင်ချထားတဲ့ ၃၂ ရဲတပ်ရင်းနဲ့ နှမ်းဖဲတိန်တောင်ပေါ်ကနေ စက်သေနက်တွေနဲ့လည်း လှမ်းပစ်နေတယ်။ လက်နက်ကျည်တွေ ရွာထဲကိုကျတာတွေလည်း ရှိတယ်။ ရွာသားတွေကတော့ ဘေးလွတ်ရာမှာ ပုန်းနေကြတယ်” ဟု ဇိုင်ချောင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားရာအနီးရှိ ဇိုင်ချောင်း၊ သိုင်းချောင်း၊ ကုလဘာ စသည့်ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။
စစ်ကောင်စီဘက်မှ တိုက်ပွဲဖြစ်ပွားရာနေရာသို့ လက်နက်ကြီး/ငယ်များ၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယနေ့ နံနက် ၁၀ နာရီအချိန်ထိ နှစ်ဖက်ပစ်ခတ်သံများကြားရကြောင်း ဒေသခံများထံမှ သိရသည်။
“မွတ်ဆလင်စစ်သားတွေကို အရှေ့ကနေ ကာဗာလုပ်ထားတာ။ အခုတိုက်ပွဲဖြစ်တဲ့နေရာအနီးကို စစ်ကောင်စီရဲ့ အထိုင်တပ်ရင်းတွေကနေ လက်နက်ကြီးပစ်ကူပေးနေတဲ့ အသံတွေကြားနေရတယ်” ဟု ကုလဘာကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားရာမှ ၂ မိုင်ခန့်အကွာတွင် ဓညဝတီရေတပ်ဌာနချုပ်နှင့် ၁ မိုင်ကျော်ခန့်အကွာတွင် ၃၂ ရဲတပ်ရင်းတို့ ရှိပြီး ပြီးခဲ့သည့် မတ်လ ၁၄ ရက်ကလည်း ယခု တိုက်ပွဲဖြစ်ပွားရာအနီးတွင် စစ်ကောင်စီနှင့် AA တို့ နှစ်ဘက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။
ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်၊ တောင်မော်ကြီးရေတပ်ဌာနခွဲနှင့် (၃၂) ရဲတပ်ရင်း အပါအဝင် ခမရ (၅၄၂)၊ ခမရ (၅၄၃)၊ ခလရ (၃၄)တို့ အခြေစိုက်ထားသည်။