ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ဈေးမြင့်နေခြင်းကြောင့် ရခိုင်က လုပ်ငန်းခွင်အချို့ ယာယီရပ်နားထားရ

ဆောက်လုပ်ရေးလုပ်ငန်းသုံး အုတ်၊ သဲနှင့် ကျောက်စရစ်များမှာ ရခိုင်ပြည်အတွင်းက ထွက်ရှိသော်လည်း စစ်ကောင်စီမှ လမ်းပိတ်ဆို့မှုများကြောင့် ဈေးမြင့်တက်နေသည့်အပြင် ပြည်မဘက်က မှာယူသုံးစွဲရသည့် ဘိလပ်မြေနှင့် သံထည်ပစ္စည်းများမှာလည်း ယခင်ထက်နှစ်ဆခန့် ဈေးနှုန်းမြင့်တက်လျက်ရှိသည်ဟု ဆောက်လုပ်ရေးလုပ်ငန်းများတစ်ဦးက ပြောသည်။

By Admin 09 Dec 2022

ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ဈေးမြင့်နေခြင်းကြောင့် ရခိုင်က လုပ်ငန်းခွင်အချို့ ယာယီရပ်နားထားရ

 

DMG | ဒီဇင်ဘာ ၉

ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် ရခိုင်က ဆောက်လုပ်ရေးလုပ်ငန်းခွင့်အချို့ကို ယာယီရပ်နားထားရကြောင်း ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ရှိသူများကပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းသုံး အုတ်၊ သဲနှင့် ကျောက်စရစ်များမှာ ရခိုင်ပြည်အတွင်းက ထွက်ရှိသော်လည်း စစ်ကောင်စီမှ လမ်းပိတ်ဆို့မှုများကြောင့် ဈေးမြင့်တက်နေသည့်အပြင် ပြည်မဘက်က မှာယူသုံးစွဲရသည့် ဘိလပ်မြေနှင့် သံထည်ပစ္စည်းများမှာလည်း ယခင်ထက်နှစ်ဆခန့် ဈေးနှုန်းမြင့်တက်လျက်ရှိသည်ဟု ဆောက်လုပ်ရေးလုပ်ငန်းများတစ်ဦးက ပြောသည်။

ထိုသို့ ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် ပုဂ္ဂလိကလုပ်ငန်းခွင်များသာမက အစိုးရအဆောက်အဦများကိုဆောက်လုပ်နေသည့် ဆောက်လုပ်ရေးကုမ္ပဏီများမှာလည်း လုပ်ငန်းများကို ရပ်နားထားရသည်များရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။

“ရပ်နားထားတာရှိပါတယ်။ တချို့ပုဂ္ဂလိကလုပ်ငန်းတွေ၊ အစိုးရနဲ့ပတ်သက်တဲ့ တင်ဒါလုပ်ငန်းတွေမှာ ကျောက်စရစ်တွေ ဈေးတက်လို့၊ နောက်သဲတွေ ဈေးတက်လို့ပေါ့။ အရင်ကျောက်စရစ်တစ်စီးကို တစ်သိန်းကိုးသောင်းလောက် ဝယ်ရတာတွေက အခုသုံးသိန်းလောက် ပေးဝယ်နေရတယ်။ အဲတော့ ကျနော်တို့ကတွက်ချက်မှုနဲ့ မကိုက်ညီတဲ့အတွက် လုပ်ငန်း တော်တော်များများ ပုဂ္ဂလိကလုပ်ငန်း၊ အစိုရလုပ်ငန်းတွေရပ်ထားရတာတွေကြုံနေရပါတယ်”ဟု ဆန်းမြတ်ထွန်း ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုဝင်းကျော်လှိုင်ကပြောသည်။

လက်ရှိရခိုင်တွင် တိုက်ပွဲရပ်တန့်နေသဖြင့် လမ်းများကို ပြန်လည်ဖွင့်ပေးလာသော်လည်း ပစ္စည်းများကို အကန့်အသတ်ဖြင့် သယ်ယူနေရဆဲဖြစ်ကြောင်း ဆောက်လုပ်ရေးအသိုင်းအဝိုင်းမှ သိရသည်။

“အခုလက်ရှိလမ်းပန်းဆက်သွယ်ရေးကလည်း ကြားတဲ့အတိုင်းပဲပေါ့လေ။ ကုန်ဈေးနှုန်းကလဲ တအားတက်နေပါတယ်။ သဲက အရင်ကလေးသောင်းလောက်နဲ့ ကျနော်တို့ဝယ်ရတယ်။ ကျောက်စရင်တွေဆိုလည်းတစ်စီးကို ၉ သောင်းလောက်ပဲ၊ အခုက တစ်သိန်းကျော်၊ နှစ်သိန်းဖြစ်နေပြီ။ အခုနောက်ပိုင်းမှာ ၇ သောင်း၊ ၈ သောင်းလောက် ပေးဝယ်နေရတယ်။ လုပ်ငန်းရပ်နားထားတာတွေတော့ ကြားတယ်၊ ကုန်ဈေးနှုန်းတက်တော့ ရပ်နားတဲ့လုပ်ငန်းတွေရှိတယ်”ဟု အောင်သပြေထူးဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျာ ကိုအောင်နိုင်ဝင်းကပြောသည်။

လုပ်ငန်းခွင် ရပ်နားထားသည့်ကုမ္ပဏီများမှာ ဆောက်လုပ်ရေးပစ္စည်းများ ဈေးပုံမှန်ဖြစ်လာမည့်အချိန်မှ လုပ်ငန်းစတင်လည်ပတ်ရန် စောင့်ဆိုင်းနေကြသူများလည်းရှိသည်။

“ကျနော်တို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းအနေနဲ့ ကုမ္ပဏီတွေအခက်အခဲကို ဘယ်လိုကြားလဲဆိုတော့ ပထမဆုံးကတော့ ဈေးနှုန်းတွေပေါ့။ ဈေးနှုန်းတွေ မြင့်တက်တာတွေကြောင့် အခက်အခဲဖြစ်တာပေါ့။ ကုမ္ပဏီတစ်ချို့ ရပ်နားထားတာလည်းရှိပါတယ်။ performance grandy ကို အဆုံးခံပြီး အပ်ထားတဲ့လုပ်ငန်းတစ်ချို့ ရှိပါတယ်။ ယာယီရပ်နားထားရတဲ့ သဘောပေါ့။ ပစ္စည်းရမယ်၊ သယ်ယူပို့ဆောင်မှု လွယ်ကူမယ်ဆိုရင်တော့ ပြန်လုပ်ကြမှာပါ”ဟု ရခိုင်ပြည်နယ်ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ ဒုတိယအတွင်းရေးမှူး ကိုထွန်းလှကျော်ကပြောသည်။

ရခိုင်ပြည်နယ်တွင် စက်ရုံ၊အလုပ်ရုံနည်းပါးသောကြောင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပြီး လက်ရှိတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်များပါ ရပ်နားထားရသည့်အတွက် ပန်းရံလုပ်သားများအပြင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှ လုပ်သားအများအပြားမှာလည်း အခက်အခဲတွေ့နေကြရသည်။

ဗီဒီယိုများ