ပဲခူးတွင် ရေကြီးမှုကြောင့် ရိတ်သိမ်းချိန်တန် စပါးခင်းဧက တစ်သိန်းခန့် ပျက်စီး

မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေမြင့်တက်ပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခြင်းကြောင့် ပဲခူးတိုင်းက မြို့နယ် ၈ မြို့နယ်တွင် ရိတ်သိမ်းချိန်တန် စပါးစိုက်ခင်းဧက တစ်သိန်းခန့် ပျက်စီးသွားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (ဒေသကော်မတီ-၁) ပဲခူးခရိုင်အဖွဲ့မှ သိရသည်။

By Admin 13 Oct 2023

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်မှ ရေနစ်မြုပ်နေသည့် စပါးခင်းများအားတွေ့ရစဉ်။ ဓာတ်ပုံ - ဦးအောင်မြင့်။
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်မှ ရေနစ်မြုပ်နေသည့် စပါးခင်းများအားတွေ့ရစဉ်။ ဓာတ်ပုံ - ဦးအောင်မြင့်။

DMG ၊ အောက်တိုဘာ ၁၃

မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေမြင့်တက်ပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခြင်းကြောင့် ပဲခူးတိုင်းက မြို့နယ် ၈ မြို့နယ်တွင် ရိတ်သိမ်းချိန်တန် စပါးစိုက်ခင်းဧက တစ်သိန်းခန့် ပျက်စီးသွားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (ဒေသကော်မတီ-၁) ပဲခူးခရိုင်အဖွဲ့မှ သိရသည်။

အဆိုပါပျက်စီးမှုမှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (ဒေသကော်မတီ-၁) ပဲခူးခရိုင်အဖွဲ့၏ လက်တလော ကောက်ယူရရှိထားသော စာရင်းအရဖြစ်ပြီး လက်ရှိအချိန်ထိ ရေပြန်မကျသေးသဖြင့် စပါးစိုက်ခင်း ပျက်စီးမှုစာရင်း အတိအကျကို မသိရသေးကြောင်း ယင်းအသင်း တာဝန်ရှိသူကပြောသည်။  

“ရေကျ မကျသေးဘူး။ မြစ်ရေက ပြန်တက်နေတယ်။ ရေထဲက စပါးတွေကတော့ အကုန်ဝပ်ကုန်ပြီ။ ရေကြီးနစ်မြုပ်မှုကြောင့် ဒိုက်ဦးမြို့နယ်မှာတောင် ဧကသောင်းနဲ့ချီ ရှိနိုင်တယ်။ တစ်ခရိုင်လုံးဆိုရင်တော့ ဧကသိန်းနဲ့ချီ ရှိနိုင်တယ်။ ကျနော်တို့က အတိအကျသိရဖို့အတွက် စာရင်းကောက်နေဆဲဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (ဒေသကော်မတီ-၁) ပဲခူးခရိုင် ဥက္ကဌ ဦးအောင်မြင်က ပြောသည်။

ရေကြီးရေလျှံမှုကြောင့် ပဲခူး၊ ဝေါ၊ ကျောက်တံခါး၊ ညောင်လေးပင်၊ ရွှေကျင်၊ ဒိုက်ဦး၊ ကဝ၊ သနပ်ပင် စသည့်မြို့နယ် ၈ ခုတွင် ရေနစ်မြုပ်မှုဖြစ်ပေါ်နေခြင်းဖြစ်ပြီး ပဲခူး၊ သနပ်ပင်၊ ကဝနှင့် ဒိုက်ဦးမြို့နယ်တို့တွင် စပါးစိုက်ခင်းရေနစ်မြုပ်မှုကို ဆိုးရွားကြုံတွေ့နေရသည်။

သနပ်ပင်မြို့နယ်ရှိ စဉ်အိုးဘို၊ တံခွန်တိုင်၊ သရက်သုံးပင်၊ တာဝကျေးရွာလေးရွာတွင် ရိတ်သိမ်းချိန်တန် လယ်ဧက ၇၀၀ ခန့် ယခုအချိန်ထိ ရေနစ်မြုပ်နေဆဲဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။ 

“တောင်သူတွေကတော့ ဘယ်ပြောကောင်းမလဲဗျာ အကုန်ငိုကြတာပေါ့” ဟု စဉ်အိုးဘိုကျေးရွာမှ တောင်သူ ဦးရွှေစင်ပေါ်ဦးက ပြောသည်။

တောင်သူများမှာ ယခုနှစ်လယ်ယာများကို ဓာတ်မြေဩဇာဈေးနှုန်း မြင့်တက်မှု၊ သွင်းအားစုစရိတ် ကြီးမြင့်မှု၊ အလုပ်သမားခ၊ ရာသီဥတုဖောက်ပြန်မှု စသည့်အခက်အခဲများကြားမှ ထွန်ယက်စိုက်ပျိုး ထားခြင်းဖြစ်ပြီး ယခုကဲ့သို့ ရေနစ်မြုပ်မှုကြောင့် ထိခိုက်နစ်နာမှုဖြစ်ခဲ့ကြရသည်။

“တစ်မိုးတွင်းလုံး ပင်ပန်းခဲ့ရသမျှ ပိုက်ဆံရခါနီးလေးမှာ ပျက်စီးသွားတာ။ ကျနော်တို့ ဘယ်လို စားသောက်ရမလဲတောင် မသိတော့ဘူး” ဟု သနပ်ပင်မြို့နယ်မှ တောင်သူ ကိုချမ်းသာက ပြောသည်။ 

ရေနစ်မြုပ်ပျက်စီးသွားသည့် လယ်ယာမြေများနှင့်ပတ်သက်၍ လက်ရှိတွင် ပဲခူးတိုင်း အထွေထွေအုပ်ချုပ်ရေးရုံးမှ စာရင်းကောက်ယူလျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။

ရေနစ်မြုပ်မှုကြောင့် စပါးစိုက်ခင်းပျက်စီးသွားသော ပဲခူးတိုင်းက လယ်ယာများအတွက် အကူအညီအထောက်အပံ့ ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြောဆိုထားသည်။ 

“ပျက်စီးထိခိုက်တဲ့ လယ်မြေများစာရင်းရှိရင် လုပ်ပေးပါ။ ထိရောက်စွာ ဝိုင်းဝန်းကူညီပေးဖို့ လုပ်ပါမယ်။ ဒေသခံတောင်သူတွေနဲ့လည်း အချိတ်အဆက်ရှိရင် ကူညီပြီး စာရင်းလုပ်ပေးပါ” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချူပ် ဥက္ကဌ ဦးရဲမင်းအောင်က ပြောသည်။ 

အောက်တိုဘာ ၈ ရက်နေ့ကစ၍ မိုးသည်းထန်စွာရွာသွန်းကာ ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် ပဲခူးတိုင်းတွင် စပါးစိုက်ခင်းအများအပြား ပျက်စီးသည့်အပြင် လူဦးရေနှစ်သောင်းနီးပါး ရေဘေးသင့်ခဲ့ရသည်။

ဗီဒီယိုများ