BXT ဆိပ်ကမ်းမှဖမ်းဆီးသွားသည့် အရပ်သား ၄၀ ကျော်ကို စစ်ကောင်စီအမှုဖွင့် 

ရခိုင်ပြည်၊ စစ်တွေမြို့ BXT ဆိပ်ကမ်းတွင် ဖမ်းဆီးခံရသည့် သဗ္ဗာန်ကူးတို့သည်များအပါအဝင် အရပ်သား ၄၀ ကျော်ကို စစ်ကောင်စီက အမှုဖွင့်အရေးယူထားကြောင်း မိသားစုဝင်များက ပြောသည်။

By Admin 16 Dec 2023

စစ်တွေမြို့ BXT ဆိပ်ကမ်းမြင်ကွင်း။ (File Photo: 2021)
စစ်တွေမြို့ BXT ဆိပ်ကမ်းမြင်ကွင်း။ (File Photo: 2021)

မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားသည်ကို အတိအကျမသိရှိရသေးဘဲ ဒီဇင်ဘာလ ၁၅ ရက်တွင် ရုံးထုတ်ကာ ချုပ်ရမန်တစ်ပတ်ယူခဲ့ကြောင်း သိရသည်။ 

“ရဲဘက်ကိုသွားမေးတော့ သူတို့ကိုယ်တိုင်ဖမ်းဆီးတာ မဟုတ်တဲ့အတွက် မသိဘူးလို့ပြောတယ်။ ဘယ်ပုဒ်မ ဆိုတာလည်း ကျနော်တို့ မသိရသေးဘူး။ ရမန်ယူထားတာလောက်ပဲ သိရတယ်။ မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မရသေးဘူး” ဟု ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့က စစ်တွေမြို့ BXT ဆိပ်ကမ်းတွင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ကာ လုပ်ကိုင်စားသောက်နေကြသည့် သဗ္ဗာန်ကူးတို့သည် ၂၀ ကျော်နှင့် ဈေးသည်၊ ခရီးသည်၊ ကျောင်းသား အပါအဝင် အရပ်သား ၅၀ ကျော်ကို စစ်ကောင်စီက အစုလိုက်အပြုံလိုက် ဖမ်းဆီးသွားခဲ့သည်။  

ယင်းအထဲမှ ကျောင်းသားနှင့် ကိုယ်ဝန်ဆောင်အပါအဝင် ၄ ဦးကို ဒီဇင်ဘာ ၁၄ ရက်တွင် ခံဝန်လက်မှတ်ဖြင့် ပြန်လွှတ်ပေးခဲ့သော်လည်း ကျန် ၄၀ ကျော်ကို ဆက်လက်ဖမ်းဆီးထားသည်။ 

ဖမ်းဆီးခံရသူအများစုမှာ အခြေခံလက်လုပ်လက်စားနှင့် နေ့စားလုပ်သားများဖြစ်ပြီး ၎င်းတို့ဖမ်းဆီးခံထားရ၍ မိသားစုစားဝတ်နေရေး အကျပ်အတည်းကြုံနေရသဖြင့် ပြန်လွှတ်ပေးရန် တောင်းဆိုနေကြသည်။ 

ဖမ်းဆီးခံရသည့်သဗ္ဗာန်ကူးတို့သည် မိသားစုဝင်တစ်ဦးက “လွတ်လာမယ်ဆိုလို့ ရဲစခန်းမှာသွားစောင့်နေတာ ၄ ရက်တောင်ရှိနေပြီ။ ဒီနေ့ထပ်သွားတော့ ပုဒ်မ ၆၁ နဲ့ အမှုဖွင့်ထားတယ်လို့ပဲ သိခဲ့ရတယ်။ ရဲစခန်းကလည်း ‘နောက်နေ့ဆိုရင် မစောင့်နဲ့တော့ ထမင်းချိုင့်ထားပြီးရင် ပြန်တော့’ဆိုပြီး ပြောလိုက်တယ်” ဟု  ပြောသည်။  

စစ်ကောင်စီပြဌာန်းထားသည့် ရဲတပ်ဖွဲ့ဉပဒေ ပုဒ်မ ၆၁(ခ)တွင် “ကုန်တင်ကုန်ချရေးအတွက် ခွင့်ပြုထားသော အချိန်ထက်ကျော်လွန်၍ လမ်းမ၊ မြေလမ်း စသည်တို့ပေါ်တွင် မည်သည့်ကုန်ပစ္စည်းများမဆို ထားရှိခြင်းအားဖြင့် အများပြည်သူအား အတားအဆီးအနှောင့်အယှက်ဖြစ်စေခြင်း” ကျုးလွန်ကြောင်း စီရင်ခံရလျှင် အနည်းဆုံး ထောင်ဒဏ်တစ်လမှ အများဆုံးထောင်ဒဏ် ခြောက်လအထိဖြစ်စေ၊ အနည်းဆုံး ငွေဒဏ်ကျပ်သုံးသောင်းမှ အများဆုံး ကျပ်တစ်သိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။   

စစ်တွေမြို့ BXT ဆိပ်ကမ်းကို အမှီပြုလုပ်ကိုင်နေကြသော သဗ္ဗာန်ကူးတို့သည်များ၊ စက်လှေသမားများကို ကုန်ပစ္စည်းသယ်ယူဆိပ်ကပ်ခြင်း မပြုလုပ်ရန် စစ်ကောင်စီက ကန့်သတ်ထားကြောင်း သဗ္ဗာန်သမားများထံမှ သိရသည်။ 

စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် စားနပ်ရိက္ခာပြတ်လပ်မှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် အခြေခံလက်လုပ်လက်စားများမှာ တစ်နေ့တာ စားဝတ်နေရေးဖူလုံရန် စိန်ခေါ်မှုများစွာ ရှိနေကြသည်။  

သဗ္ဗာန်ကူးတို့သည်တစ်ဦးက “ဆိပ်ကမ်းမှာ မလုပ်ရတော့ဘူးလို့ ရေတပ်ကတားထားတာပါ။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အခြေခံလက်လုပ်လက်စားတွေကို ဖိနှိပ်ထားတာ။ ဘယ်အချိန်ထိ အလုပ်နားထားရမလဲ မသိတော့ဘူး” ဟု ပြောသည်။  

ရခိုင်တွင် နိုဝင်ဘာ ၁၃ ရက် တိုက်ပွဲနှင့်အတူ စစ်ကောင်စီက အရပ်သားများကို အကြောင်းအမျိုးမျိုးဖြင့် ဆက်တိုက်ဖမ်းဆီးနေသည်။ တိုက်ပွဲတစ်လကျော်အတွင်း စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲမြို့၊ မြောက်ဦး စသည့်မြို့နယ်များတွင် စစ်ကောင်စီ ဖမ်းဆီးထားသည့် အရပ်သား ၄၃၀ ကျော်ရှိကြောင်း ရက္ခိုင့်တပ်တော်(AA)က ဒီဇင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။ 

ဗီဒီယိုများ