တိုက်ပွဲကြောင့် နေရာရွေ့လိုက်ရသည့် လေးကေ့ကော်စစ်ရှောင် ၂,၀၀၀ ကျော် အရေးပေါ်အကူညီလိုအပ်နေ

တိုက်ပွဲအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ် ကျည်ဆန်တချို့မှာ လေးကေ့ကော် ပလောတစစ်ရှောင်စခန်းအတွင်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ထွက်ပြေးနေရခြင်း ဖြစ်သည်

By Admin 27 Feb 2023

တိမ်းရှောင်နေရသည့် လေးကေ့ကော် စစ်ဘေးရှောင်များကို သောင်ရင်းမြစ်ကမ်းနံဘေး၌ တွေ့ရစဉ်။ ဓာတ်ပုံ- CJ
တိမ်းရှောင်နေရသည့် လေးကေ့ကော် စစ်ဘေးရှောင်များကို သောင်ရင်းမြစ်ကမ်းနံဘေး၌ တွေ့ရစဉ်။ ဓာတ်ပုံ- CJ

DMG ၊ ဖေဖော်ဝါရီ ၂၇

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ လေးကေ့ကော် စစ်ရှောင်စခန်းအနီးမှာ စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ(၆) KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ၂,၀၀၀ ကျော်မှာ သောင်ရင်းမြစ်ကမ်းနံဘေးသို့ နေရာပြောင်းရွှေ့ခဲ့ရပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၄ ရက်အထိ မြဝတီ-ဝေါလေလမ်းအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ် ကျည်ဆန်တချို့မှာ လေးကေ့ကော် ပလောတစစ်ရှောင်စခန်းအတွင်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ထွက်ပြေးနေရခြင်း ဖြစ်သည်။

“မြဝတီဘက်ကလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ရင်း တိုက်ပွဲဖြစ်သွားတယ်။ နှစ်ဖက်ပစ်ခတ်ရင်း စစ်ရှောင်စခန်းဘက်ကို ကျည်တွေလာမှန်လို့ ဒေသခံတွေ နေရာပြောင်းရွှေ့ခဲ့ရတာ” ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။

စခန်းအတွင်းသို့ လက်နက်ကျည်တချို့ထိမှန်မှုကြောင့် အသက် ၄၀ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦးမှာ ဦးခေါင်းတွင် ကျည်ဆန်ရှပ်ထိဒဏ်ရာ (မစိုးရိမ်ရ) ရရှိသွားခဲ့သည်။ 

စစ်ဘေးရှောင် ဒေသခံတစ်ဦးက“ စခန်းကို ကျည်ဆန်တွေလာမှန်လို့ ကြောက်ပြီး သောင်ရင်းမြစ်ကမ်းဘက် သွားရှောင်ရတယ်။ စခန်းထဲက အမျိုးသားတစ်ဦးလည်း ခေါင်းကို ကျည်ရှပ်ထိသွားတယ်။ ကျနော်အပါအဝင် လူဦးရေ ၂,၀၀၀ လောက် ရှောင်နေရတာ” ဟု ဆိုသည်။

လက်ရှိတွင်လည်း စခန်းဘက်သို့ ပစ်ခတ်မှုများရှိနေသဖြင့် သောင်ရင်းမြစ်ကမ်းနံဘေးတွင် တိမ်းရှောင်နေရဆဲဖြစ်ပြီး အမိုးအကာနှင့် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း လေးကေ့ကော်ဒေသခံ စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်သူများထံက သိရသည်။

စစ်ရှောင်ကူညီရေး လုပ်ဆောင်သူတစ်ဦးက “  စခန်းကိုပြန်နေဖို့ စိတ်မချတာကြောင့် စိုးရိမ်နေတာ။  အခုအထိ မြစ်ကမ်းဘေးမှာ စစ်ရှောင်နေကြရတယ်။ တဲထိုးဖို့အတွက် အမိုးအကာတွေ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်။ လောလောဆယ် အဆင်ပြေမယ့် နည်းလမ်းတွေသုံးပြီး ထောက်ပံ့ပေးနေဖို့ ကြိုးစားနေပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ဇန်နဝါရီလအထိ လေးကေ့ကော်မြို့သစ်တွင် စစ်ကောင်စီတပ်နှင့် ကေအန်ယူ တပ်မဟာ (၆ ) KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စစ်ရေးတင်းမာနေသဖြင့် ဒေသခံတစ်သောင်း ကျော်နေရပ်စွန့်ခွာ တိမ်းရှောင်နေရပြီး တချို့မှာ ပြန်လည်ရောက်ရှိလာသည့် ကြားမှ ထပ်မံထွက်ပြေးရခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ဒီဇင်ဘာလအတွင်း ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၁,၀၀၀ ကျော်ကို ထိုင်းနယ်ခြားစောင့်တပ်မှ မြန်မာနိုင်ငံဘက်သို့ အတင်းအကျပ် ပြန်လည်ပို့ဆောင်ခဲ့သည်။

#F004

ဗီဒီယိုများ