စစ်ကောင်စီက ULA/AA နှင့်ပတ်သက်၍ နိုင်ငံရေးအရတွန်းတိုက်မှုကို ဆက်လုပ်နေမည်ဆိုပါက တိုက်ပွဲသို့ ဦးတည်သွားမည်ဟုဆို  

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောင်ကုတ်၊ သံတွဲ၊ မောင်တောမြို့နယ်တို့တွင် တစ်ရွာဝင်၊ တစ်ရွာထွက် သွားရောက်ကာ ဒေသခံပြည်သူများကို ULA/AA နှင့် မပတ်သက်ရန်၊ အဆက်သွယ်မလုပ်ရန်၊ ထောက်ပံ့မှုများမပြုရန်နှင့် ULA/AA မှာ တရားမဝင်အဖွဲ့အစည်းဖြစ်သည်ဟု ပြောဆိုမှုများရှိနေသည်။

By Admin 27 Feb 2023

စစ်ကောင်စီက ULA/AA နှင့်ပတ်သက်၍ နိုင်ငံရေးအရတွန်းတိုက်မှုကို ဆက်လုပ်နေမည်ဆိုပါက တိုက်ပွဲသို့ ဦးတည်သွားမည်ဟုဆို  

DMG ၊ ဖေဖော်ဝါရီ ၂၇

စစ်ကောင်စီအနေဖြင့် ULA/AA နှင့်ပတ်သက်၍ နိုင်ငံရေးအရတွန်းတိုက်မှုများကို ဆက်လက် လုပ်ဆောင်နေမည်ဆိုပါက တိုက်ပွဲလမ်းကြောင်းသို့ အချိန်မရွေး ရောက်ရှိသွားနိုင်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ပြောဆိုလိုက်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောင်ကုတ်၊ သံတွဲ၊ မောင်တောမြို့နယ်တို့တွင် တစ်ရွာဝင်၊ တစ်ရွာထွက် သွားရောက်ကာ ဒေသခံပြည်သူများကို ULA/AA နှင့် မပတ်သက်ရန်၊ အဆက်သွယ်မလုပ်ရန်၊ ထောက်ပံ့မှုများမပြုရန်နှင့် ULA/AA မှာ တရားမဝင်အဖွဲ့အစည်းဖြစ်သည်ဟု ပြောဆိုမှုများရှိနေကြောင်း ရက္ခိုင့်တပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့အနေနဲ့ အထူးသတိထား စောင့်ကြည့်လို့ ရှိနေပါတယ်။ မြန်မာစစ်တပ်အနေနဲ့ ဒီလိုလုပ်ရပ်အပြုအမူတွေကို ဆက်လို့ ဆိုးဆိုးရွားရွားလုပ်လာမယ်ဆိုရင် တိုက်ပွဲလမ်းကြောင်းကို အချိန်မရွေး ပြန်ရောက်သွားနိုင်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

စစ်ကောင်စီက နည်းဗျူဟာအရ တစ်ဖက်တွင် အပစ်အခတ်ရပ်ထားသော်လည်း အခြားတစ်ဖက်မှာ စစ်ရေးအရ လူအင်အား၊ လက်နက်အင်အား၊ ရိက္ခာအင်အား ဖြည့်တင်းမှုများကို နေ့စဉ်ရက်ဆက် လုပ်ဆောင်နေကြောင်း AA က ဆိုသည်။

“လက်ရှိရခိုင်ပြည်မှာ သေနတ်သံတွေတိတ်ဆိတ်နေပေမယ့် အာမခံချက်အပြည့်အဝရှိတဲ့ အနေအထားလို့ ပြောလို့မရသေးဘူး”ဟု ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုသည်။

ရက္ခိုင့်တပ်တော်(AA) သည် ရခိုင်ပြည်တွင် တကျော့ပြန်တိုက်ပွဲ ရပ်တန့်ပြီးနောက်ပိုင်း ခရီးသွားလာမှု၊ ကုန်စည်သယ်ယူမှု၊ ပွဲလင်းသဘင်ကျင်းပမှု စသည့်ကိစ္စများကို အတိုင်းအတာတစ်ခုထိ လုပ်ဆောင်နိုင်ခဲ့ကြောင်း ဆိုသည်။ 

သို့သော် ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ ပုံမှန်သွားလာလှုပ်ရှားမှုတို့တွင် လွတ်လပ်စွာ သွားလာခွင့်မရဘဲ စစ်ကောင်စီ၏ ကန့်သတ်ပိတ်ပင်မှုများကို ဆက်လက် ကြုံတွေ့နေရသေးသည်ဟု ဦးခိုင်သုခက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ နှစ်ဖက်နားလည်မှုနှင့် တိုက်ပွဲရပ်တန့်ခဲ့သည်မှာ လက်ရှိတွင် ၃ လနီးပါး ကြာမြင့်လာခဲ့ပြီဖြစ်သည်။ 

#R010

ဗီဒီယိုများ