- ICC ရှေ့နေ ကယ်ရင်ခန် လိင်မတော်မတရားမှုဖြင့် စစ်ဆေးခံနေရ
- စစ်ကောင်စီ၏ အငြိုးအတေး ပစ်မှတ်အောက်က မြို့ကျောက်တော်
- ဧရာဝတီ၊ ကွင်းကောက်မြို့အနီးက ကပျိုစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ ထိုးစစ်ဆင်
- ကြောက်မက်ဖွယ် လူသတ်ပွဲကြီး ဆင်နွှဲနေသည့် စစ်ကောင်စီ (Vox Pop)
- ပေါက်တောက ကျေးရွာအချို့တွင် သောက်သုံးရေ ပြတ်လပ်နေ
စနစ်ဟောင်း ၉ တန်းအောင်နှင့် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများ Grade - 12 ကို ပြင်ပမှဖြေဆိုရမည်
စနစ်ဟောင်း နဝမတန်း(Grade - 10) အောင်မြင်ပြီး ကျောင်းသားများနှင့် ဒသမတန်း(Grade - 11) တက္ကသိုလ်ဝင် စာမေးပွဲကျရှုံးသူများ အားလုံးသည် စနစ်သစ် Grade - 12 တက္ကသိုလ်ဝင် စာမေးပွဲကို ပြပမှဖြေဆိုခွင့်ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ယနေ့ ထုတ်ပြန်သည်။
12 Jul 2023

DMG ၊ ဇူလိုင် ၁၂
စနစ်ဟောင်း နဝမတန်း(Grade - 10) အောင်မြင်ပြီး ကျောင်းသားများနှင့် ဒသမတန်း(Grade - 11) တက္ကသိုလ်ဝင် စာမေးပွဲကျရှုံးသူများ အားလုံးသည် ၂၀၂၄ တွင်ကျင်းပမည့် စနစ်သစ် ဒွါဒသမတန်း(Grade - 12) တက္ကသိုလ်ဝင် စာမေးပွဲကို ပြပမှဖြေဆိုခွင့်ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ယနေ့ ဇူလိုင် ၁၂ ရက်နေ့တွင် ထုတ်ပြန်သည်။
တက္ကသိုလ်ဝင်တန်းကျရှုံးသူများကို စနစ်သစ်တွင် ဝင်ရောက်ဖြေဆိုခွင့်ပြုခြင်းမှာ ကောင်းမွန်သော်လည်း စနစ်သစ်ပညာရေးနှင့်ပတ်သက်ပြီး စိန်ခေါ်မှုတချို့ ရှိနေကြောင်း ပညာရေးအသိုင်းအဝိုင်းက ထောက်ပြကြသည်။
စစ်တွေမြို့ရှိ “နီလကြယ်” ကိုယ်ပိုင်အထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးဝင်းကျော်လင်းက “Grade - 12 ကကျတော့ သင်ခန်းစာတွေက အကုန်လုံးနီးပါး အသစ်တွေလိုပါပဲ။ အရင်စနစ်ဟောင်းနဲ့ လုံးဝကို ကွာခြားသွားတယ်။ ကလေးတွေအတွက် စိန်ခေါ်မှုက လုံးဝအသစ်ဖြစ်လာမှာပါ။ ကလေးတွေအနေနဲ့ တက်သင့်/မတက်သင့်ဆိုတာကို ကျနော်တို့ ဆုံးဖြတ်ပေးလို့တော့ မရဘူး။ ဒါပေမယ့် စဉ်းစားစေချင်တာကတော့ သင်ရိုးတွေကို ကိုယ်တိုင်လိုက်ပြီးတော့ ကြိုးစားနိုင်မလားဆိုတာ သေချာစဉ်းစားပြီး တက်သင့်တယ်လို့ ထင်ပါတယ်” ဟု DMG ကို ပြောသည်။
စနစ်ဟောင်း တက္ကသိုလ်ဝင်တန်းကျရှုံးသည့် ကျောင်းသားများအနေဖြင့် ပညာရေးကိုအာရုံစိုက်၍ ကြိုစားလိုသည့် ဆန္ဒရှိမှသာ စနစ်သစ်တွင် ဝင်ရောက်ဖြေဆိုသင့်ပြီး မိဘများကလည်း မိမိသားသမီးအခြေအနေကို သုံးသပ်ဖို့လိုအပ်ကြောင်း ဆရာ ဦးဝင်းကျော်လင်းက အကြံပြုသည်။
မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်မြောက်ပိုင်းတွင် ဆရာ၊ ဆရာမများမှာ စနစ်သစ် Grade - 9 နှင့် Grade - 12 အတွက် စွမ်းရည်မြှင့်သင်တန်းများ မရရှိသေးသဖြင့် သင်ကြားရေးအခက်ကြုံနေရပြီး ပြည်သူများမှာလည်း မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများသဖြင့် ကလေးငယ်အား ပညာသင်ကြားပေးရန် အခက်အခဲများ ရှိနေကြသည်။
ကျောက်တော်မြို့နယ်၊ မီးရပ်ပြင်ကျေးရွာမှ ကျောင်းသားမိဘ ဦးဝင်းလှိုင်က “ကျနော်တို့က ကိုယ့်သားသမီးကို ပညာတတ်ဖြစ်စေချင်တယ်။ ဒါပေမယ့် မုန်တိုင်းကြောင့် ဆုံးရှုံးမှုတွေရှိတော့ ငွေရေးကြေးရေးက အခက်အခဲရှိတဲ့အခါ သမီးလေးကို စာဆက်သင်ဖို့ အဆင်မပြေတော့ဘူး။ သမီးလေးကတော့ ကျောင်းဆက်တက်ချင်တယ်။ ဒါပေမယ့် မိဘရဲ့အခြေအနေကို ကြည့်ပြီး သူ့သဘောထားကို ပေါ်ပေါ်ထင်ထင် မပြောဘူး” ဟု ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်အတွင်း ပညာသင်စရိတ် ကြီးမားလွန်းသဖြင့် မုန်တိုင်းသင့် ကျေးလက်နေပြည်သူများမှာ သားသမီးပညာရေးအတွက် အခက်အခဲများရှိကြောင်း ဦးဝင်းလှိုင်က ဆက်ပြောသည်။
ရခိုင်ပြည်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၁၆,၉၂၈ ဦးရှိပြီး အောင်မြင်သူ ၉,၉၆၄ ဦးရှိကာ ကျရှုံးသူ ၆,၉၆၄ ဦးရှိခဲ့သည်။ လက်ရှိ စနစ်သစ် ပညာရေးရေး ဒွါဒသမတန်း (Grade – 12) ကို တက္ကသိုလ်ဝင်တန်းအဖြစ် ၂၀၂၄ တွင် ပထမဆုံးအကြိမ် ကျင်းပသွားမည်လည်းဖြစ်သည်။
#I003