မောင်တောတွင် နယ်ခြားစောင့်ရဲနှစ်ဦး စခန်းမှထွက်ပြေး 

ရခိုင်ပြည်အတွင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များရှိ စစ်ကောင်စီတပ်သားများမှာ စခန်းစွန့်ခွာ ထွက်ပြေးမှုများ မကြာခဏဖြစ်ပွားနေသည်။ 

By Admin 09 Sep 2023

မောင်တောမြို့နယ်၊ ကြိမ်ချောင်း(နကခ-၇) စစ်ကောင်စီတပ်မကို ဩဂုတ်လအတွင်းက တွေ့ရစဉ်။
မောင်တောမြို့နယ်၊ ကြိမ်ချောင်း(နကခ-၇) စစ်ကောင်စီတပ်မကို ဩဂုတ်လအတွင်းက တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၉ 

ရခိုင်ပြည်၊ မောင်တောမြို့နယ်အတွင်း ဘူးသီးတောင် - မောင်တော ကားလမ်းပေါ်ရှိ စစ်ကောင်စီ၏ (၆) မိုင် နယ်ခြားစောင့်စစ်ဆေးရေးဂိတ်မှ နယ်ခြားစောင့်ရဲနှစ်ဦးမှာ စက်တင်ဘာလ ၇ ရက်နေ့က လက်နက်နှင့်အတူ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။ 

ထွက်ပြေးသွားသူနှစ်ဦးအား စစ်ကောင်စီတပ်သားများနှင့် နယ်ခြားစောင့်ရဲများက အင်အားအများအပြားသုံး၍ လိုက်လံရှာဖွေနေပြီး စက်တင်ဘာလ ၈ ရက်နေ့တွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

“မေယုတောင်ဘက်ကနေ သေနတ်ပစ်သံတွေ ကြားခဲ့ရတယ်။ ကျနော်ထင်တာတော့ လိုက်လံရှာဖွေတဲ့အဖွဲ့နဲ့ ထွက်ပြေးသွားတဲ့ ၂ ယောက်တို့ ထိပ်တိုက်တွေ့လို့ အပြန်အလှန်ပစ်ကြတာလို့ ထင်တယ်။ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့တော့ မကြားမိဘူး” ဟု မောင်တော (၄)မိုင်ကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

မောင်တောမြို့နယ်၊ သာယာကုန်းကျေးရွာမှ အမျိုးသားတစ်ဦးက “ထွက်ပြေးသွားတဲ့နှစ်ယောက်က ရက္ခိုင့်တပ်တော်တပ်ထဲကို ရောက်သွားပြီထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့က ရခိုင်သားတွေဖြစ်တဲ့အတွက် ပြေးစရာဆိုလို့ အဲဒီနေရာတစ်နေရာပဲရှိတယ်” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ရခိုင်ပြည်အတွင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များရှိ စစ်ကောင်စီတပ်သားများမှာ စခန်းစွန့်ခွာ ထွက်ပြေးမှုများ မကြာခဏဖြစ်ပွားနေသည်။ 

ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့က မောင်တောမြို့နယ်၊ မြင်းလွှတ်နယ်ခြားစောင့်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် ၄ ဦး၊ မတ်လ ၁၉ ရက်နေ့က ရသေ့တောင်မြို့နယ် နယ်ခြားစောင့်စခန်းမှ တပ်ဖွဲ့ဝင် ၂ ဦးနှင့် ဧပြီလ ၁ ရက်တွင် ဘူးသီးတောင်အခြေစိုက် ခလရ(၂၆၃) တပ်ရင်းမှ တပ်သားလင်မယားတို့ ထွက်ပြေးသွားကြသည်။ 

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ ကြိမ်ချောင်း (နကခ-၇) လက်အောက်ခံ၊ ငါးခူရနယ်မြေ ၅ နယ်ခြားစောင့်ရဲစခန်းမှ စခန်းမှူးအပါအဝင် စစ်ကောင်စီတပ်သား ၃ ဦး ထွက်ပြေးသွားခဲ့သည်။

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အပစ်အခတ်ရပ်စဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စခန်းစွန့်ခွာ ထွက်ပြေးလာမှုများ ရှိလာနေခြင်းဖြစ်သည်။ 

#I011

ဗီဒီယိုများ