စိုင်းတင်အထက်ပိုင်းရှိ မုန်တိုင်းသင့် မြိုကျေးရွာများ အကူညီမဲ့နေ

စိုင်းတင်ချောင်းအထက်ပိုင်းရှိ အိမ်ခြေ ၁၆၀ ကျော်၊ လူဦးရေ ၉၀၀ နီးပါးမှာ မုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များကို ပြန်လည်တည်ဆောက်ရေးနှင့် စားဝတ်နေရေးတို့တွင် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရသည်။

By Admin 09 Jun 2023

စိုင်းတင်အထက်ပိုင်း မင်းကိုင်ကျေးရွာရှိ နေအိမ်များ မုန်တိုင်းကြောင့် ပျက်စီးသွားပုံ။ ဓာတ်ပုံ - CJ
စိုင်းတင်အထက်ပိုင်း မင်းကိုင်ကျေးရွာရှိ နေအိမ်များ မုန်တိုင်းကြောင့် ပျက်စီးသွားပုံ။ ဓာတ်ပုံ - CJ

DMG ၊ ဇွန် ၉

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဘူးသီးတောင်မြို့နယ်၊ စိုင်းတင်ချောင်းအထက်ပိုင်းရှိ မြိုကျေးရွာများကို စစ်ကောင်စီအပါအဝင် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၏ ကူညီကယ်ဆယ်ရေးများ လုံးဝမရောက်သဖြင့် အကူအညီများလိုအပ်နေကြောင်း သိရသည်။

လေဝေ၊ သလူကျွန်း၊ လက်ပံကိုင်း၊ အင်းချောင်းဝ၊ အောင်ချမ်းမြေ၊ ခါလာဦး၊ သလူဖြာ၊ ကုံးမောင်လေးနှင့် မင်းကိုင် စသည့် မြိုလူမျိုးကျေးရွာများတွင် မုန်တိုင်းကြောင့် နေအိမ်အားလုံးနီးပါး ပျက်စီးသွားခဲ့သည်။

စိုင်းတင်ချောင်းအထက်ပိုင်းရှိ အိမ်ခြေ ၁၆၀ ကျော်၊ လူဦးရေ ၉၀၀ နီးပါးမှာ မုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များကို ပြန်လည်တည်ဆောက်ရေးနှင့် စားဝတ်နေရေးတို့တွင် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရသည်။

“ကျနော်တို့သွားလေ့လာသလောက် အဲဒီဘက်မှာ မုန်တိုင်းကြောင့် တော်တော်ပျက်စီးပြီး အခက်အခဲကြုံကြတယ်။ မိုးရာသီရောက်ပြီ၊ ပြိုလဲသွားတဲ့အိမ်တွေ ပြန်မဆောက်နိုင်ကြသေးဘူး။ ပြီးတော့ ရွာငယ်တွေဖြစ်ကြပြီး အင်တာနက်လိုင်းလည်း မရတော့ အစိုးရ(စစ်ကောင်စီ) အာရုံစိုက်မှုက ပိုပြီးနည်းပါးတယ် ” ဟု မြို ပညာတိုးတက်မြင့်မားရေးအသင်းမှ ဦးကျော်ထွီးက ပြောသည်။

အဆိုပါကျေးရွာများတွင် ကျေးလက်ဆေးပေးခန်းလည်းမရှိသဖြင့် မုန်တိုင်းအလွန်ကာလ ကျန်းမာရေးအပိုင်းတွင်လည်း စိုးရိမ်စရာဖြစ်နေပြီး ကလေးငယ်များ၏ ပညာသင်ကြားရေးပိုင်းမှာလည်း အခက်အခဲဖြစ်နေကြသည်။

“ကျောင်းနေရွယ်ကလေးတွေက ပိုပြီး‌တော့ ဒုက္ခရောက်တယ်။ တချို့ကလေးတွေ ကျောင်းဆက်မတက်တော့ဘဲ မိဘကို ငဲ့ညှာပြီး အလုပ်ဘက်လှည့်နေတဲ့ ကလေးတွေတောင်ရှိတယ်” ဟု မြိုလူငယ်အစည်းအရုံး(MYU) ဘဏ္ဍာရေးမှူး မခင်ခင်ဦးက ပြောသည်။

စိုင်းတင်အထက်ပိုင်းရှိ မြိုလူမျိုးကျေးရွာများကို ကူညီကယ်ဆယ်ရေးပေးမည့် ကိစ္စနှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းကို DMG က ဖုန်းဆက်မေးမြန်းရာတွင် “အစည်းအဝေးလုပ်နေတယ်။ မအားသေးဘူး” ဟု တုန့်ပြန်သည်။

မုန်တိုင်းသင့်ပြည်သူများကို စစ်ကောင်စီနှင့် လူမှုအရပ်ဘက်အဖွဲ့များက ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးနေသော်လည်း တချို့နေရာများသို့ လုံးဝမရောက်ရှိသေးသည်များလည်း ရှိနေသည်။ စစ်ကောင်စီအနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ထိရောက်စွာကူညီပေးရန် လိုအပ်နေကြောင်း လူမှုကူညီရေး ဆောင်ရွက်နေသူများက ထောက်ပြကြသည်။

#I011

ဗီဒီယိုများ