မုန်တိုင်းသင့် ဘာသာရေးအဆောက်အအုံများ ပြုပြင်ရန် အကူညီလိုအပ်နေ

ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ အစ္စလာမ်၊ ခရစ်ယာန် ဘာသာရေးအဆောက်အအုံ အများအပြားမှာ မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ပြီး ပြန်လည်တည်ဆောက်ရေးအတွက် အကူအညီရရှိမှုနည်းပါးနေသည်။

By Admin 12 Jul 2023

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ပုဏ္ဏားကျွန်းမြို့နယ်က ခရစ်ယာန်ကျောင်းကို ၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။ 
မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ပုဏ္ဏားကျွန်းမြို့နယ်က ခရစ်ယာန်ကျောင်းကို ၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။ 

DMG ၊ ဇူလိုင် ၁၂

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်အတွင်းက ဘာသာရေးအဆောက်အအုံများကို ပြန်လည် ပြုပြင်ရန် အခက်အခဲများရှိနေသည့်အတွက် အကူညီများလိုအပ်နေကြောင်း ဘာသာရေးခေါင်းဆောင်များထံမှ သိရသည်။

ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ အစ္စလာမ်၊ ခရစ်ယာန် ဘာသာရေးအဆောက်အအုံ အများအပြားမှာ မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ပြီး ပြန်လည်တည်ဆောက်ရေးအတွက် အကူအညီရရှိမှုနည်းပါးနေသည်။

လက်ရှိအချိန်ထိ ကူညီထောက်ပံ့မှု တစ်စုံတစ်ရာမရရှိသေးသဖြင့် ကိုယ်ထူကိုယ်ထ ပြုပြင်နေသော်လည်း ငွေကြေးမလုံလောက်မှုကြောင့် အခက်အခဲဖြစ်နေရသည်ဟု စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်မှ အစ္စလာမ်ဘာသာဝင် ဦးကျော်ဆွေက ပြောသည်။

“ငွေရေးကြေးရေးက မလုံလောက်ဘူး။ ရွာက အလှူငွေကောက်လို့ရတာနဲ့ ပြုပြင်ဖို့ ဘယ်လိုမှ မလုံလောက်ဘူး။ ဘုရားဝတ်ပြုဖို့လည်း မရတော့ဘူး။ အမိုးအကာမရှိဘူး။ မိုးရွာရင် လုံးဝအဆင်မပြေဘူး။ နေပူရင်လည်း နေပူထဲမှာပဲ ဘုရားဝတ်ပြုရတယ်” ဟု သူက ပြောသည်။

အောင်မင်္ဂလာရပ်ကွက်မှ ပျက်စီးသွားသည့် ဗလီဝတ်ပြုကျောင်း အရေအတွက်ကို စစ်ကောင်စီက မုန်တိုင်းအလွန်တွင် စာရင်းကောက်ယူသွားသော်လည်း ယခုအချိန်ထိ အကူအညီမရရှိသေးကြောင်း ဦးကျော်ဆွေက ပြောသည်။

မုန်တိုင်းဒဏ်သင့် ဘာသာရေးအဆောက်အအုံများထဲမှ ဗုဒ္ဓဘာသာကျောင်းနှင့် ဟိန္ဒူကျောင်းတို့တွင် စစ်ကောင်စီ ထံမှ ကူညီထောက်ပံ့မှု အချို့ရရှိကြပြီး ဗလီဝတ်ကျောင်းနှင့် ခရစ်ယာန်ကျောင်းများတွင် ကူညီထောက်ပံ့မှု မရရှိသေးဟု ဘာသာရေးခေါင်းဆောင်များထံမှ သိရသည်။

မုန်တိုင်းကြောင့် ပျက်စီးမှု အနည်းအကျဉ်းသာရှိသည့် ကျောင်းဆောင်အချို့ကို အသင်းတော်၏ ထောက်ပံ့ငွေဖြင့် ပြုပြင်ထားပြီဖြစ်သော်လည်း လုံးဝနီးပါးပျက်စီးသွားသည့် ကျောင်းဆောင်များကို ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးဟု ခရစ်တော်၏ အသင်းတော် (Church of Christ) ရခိုင်ပြည်နယ်၊ ဥက္ကဋ္ဌ ဦးယောနသန်က ပြောသည်။

“ပျက်စီးနေတဲ့ ဘုရားဝတ်ပြုကျောင်း ၃ ဆောင်ကိုတော့ မပြင်ရသေးဘူး။ အသင်းတော် ဆရာအိမ်တွေကိုတော့ ပြည်တွင်းက ဆက်စပ်နေတဲ့ အသင်းတော်တွေက ပါဝင်လှူဒါန်းမှုတွေနဲ့ ဆောက်သင့်သလောက် ဆောက်လုပ်ပြီး နေပြီ။ တခြား အဖွဲ့အစည်းတွေက ထောက်ပံ့ပေးတာတွေ မရှိဘူး။ ပြည်တွင်းမှာရှိတဲ့ အသင်းတော်တွေဆီကနေ ပါဝင်လှူဒါန်းမှုတွေနဲ့ပဲ ပြန်လည်တည်ဆောက်ရေးကို လုပ်နေကြရပါတယ်” ဟု သူက ပြောသည်။

စစ်တွေမြို့တွင်ရှိသည့် ခရစ်ယာန်ဘာသာရေးကျောင်းများကို စစ်ကောင်စီက အသင်းတစ်ခုစီကို ဆန် ၅ အိတ်နှင့် ဆီဗူးအချို့သာ ထောက်ပံ့ပေးမှုရှိသည်ဟု ခရစ်ယာန်အသင်းတော်များထံမှ သိရသည်။

မုန်တိုင်းကြောင်း အဆောက်အအုံ အားလုံးနီးပါးပျက်စီးသွားသည့် ရသေ့တောင်မြို့ရှိ ရွှေပါရမီ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက သွပ်ပြားအချပ် ၁၅၀ နှင့် သစ်တန်ခွဲခန့် ထောက်ပံ့ပေးထားကြောင်း သိရသည်။ သို့သော် လုံလောက်မှုမရှိသဖြင့် အကူအညီများလိုအပ်နေကြောင်း ရွှေပါရမီဆရာတော်က မိန့်သည်။

“အကူအညီက လုံလောက်မှုမရှိလို့ ၅၀ ရာခိုင်နှုန်းလောက်ပဲ အဆင်ပြေသေးတယ်။ အလှူရှင်တွေလည်း မပေါ်သေးဘူး။ အလှူရှင်တွေ လိုအပ်နေတယ်။ အလှူရှင်တွေလှူမှပဲ အဆင်ပြေမယ်” ဟု ဆရာတော်က မိန့်သည်။

မုန်တိုင်းသင့် ဟိန္ဒူဘုရားကျောင်းများတွင်လည်း စစ်ကောင်စီထံမှ သွပ်ပြားအနည်းငယ် ကူညီထောက်ပံ့မှုရရှိပြီး လုံလောက်မှုမရှိသဖြင့် ဘာသာဝင်များ၏ အလှူငွေဖြင့် ပြုပြင်နေကြကြောင်း သိရသည်။

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဘာသာရေးအဆောက်အအုံများကို ဦးစားပေးအနေဖြင့် ကူညီထောက်ပံ့မှုများ ပြုလုပ်သွားမည်ဟု စစ်ကောင်စီက ပြောဆိုထားသော်လည်း မြေပြင်တွင် လုံလောက်သည့် အကူအညီများမရရှိဟု ဘာသာရေးခေါင်ဆောင်များက ပြောဆိုကြသည်။

မေလ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်အတွင်းက ဘာသာရေးကျောင်းများထဲတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း အများဆုံးဖြစ်ပြီး (အစ္စလာမ်) ဗလီဝတ်ပြုကျောင်း၊ ခရစ်ယန်ဘုရားကျောင်းနှင့် ဟိန္ဒူကျောင်းတို့မှာလည်း အနည်းနှင့်အများ ပျက်စီးသွားခဲ့သည်။

#I006