ရခိုင်ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီးပစ်ရန် ချိန်ရွယ်ထားသည့် ပစ်မှတ်များတွေ့ရ

မြောက်ဦးမြို့နယ်၊ တိမ်ညိုရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ နိုဝင်ဘာ ၁၄ ရက်က လက်နက်ကြီးစမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး နောက်တစ်နေ့တွင် စခန်းကို စွန့်ခွာသွားခဲ့ပြီးနောက် အဆိုပါပစ်မှတ်များအား တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

By Admin 01 Dec 2023

တိမ်ညိုရဲစခန်းကနေ အနီးနားကျေးရွာများအား ချိန်ရွယ်ထားသည့် ပစ်မှတ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Arakan Princess Media 
တိမ်ညိုရဲစခန်းကနေ အနီးနားကျေးရွာများအား ချိန်ရွယ်ထားသည့် ပစ်မှတ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Arakan Princess Media 

DMG ၊ ဒီဇင်ဘာ ၁ 

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ တိမ်ညိုရဲစခန်းကနေ အနီးအနားကျေးရွာများသို့ လက်နက်ကြီးပစ်ရန် ချိန်ရွယ်ထားသည့် ပစ်မှတ်များကိုတွေ့ရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ 

တိမ်ညိုရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ နိုဝင်ဘာ ၁၄ ရက်က လက်နက်ကြီးစမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး နောက်တစ်နေ့တွင် စခန်းကို စွန့်ခွာသွားခဲ့ပြီးနောက် အဆိုပါပစ်မှတ်များအား တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

“တိမ်ညိုစခန်းကို ရဲသားတွေစွန့်ခွာပြီး နောက်တစ်နေ့ဆိုတာနဲ့ ရွာသားတွေ တိမ်းရှောင်ကြတာ ရှိခဲ့တယ်။ စစ်ကောင်စီရဲ့ ပစ်မှတ်ထဲမှာပါတယ်ဆိုပြီး ရှောင်ကြတာ။ အဲဒီစခန်းထဲမှာ ရေးထားတဲ့စာတွေမှာ ဒီအနီးအနားက ရွာတွေကို ပစ်မှတ်ထားချိန်ရွယ်ထားတာ” ဟု တိမ်ညိုကျေးရွာသားတစ်ဦးက ပြောသည်။ 

တိမ်ညိုစခန်း လက်နက်ကြီးအထိုင်ချနေရာမှနေ အနီးအနားကျေးရွာများဖြစ်သည့် အိုးထိမ်း၊ အောက်သားကန်၊ လိပ်ဆင်းပြင်၊ တင်းထိန်ကန်၊ ရွှေကျင်ပြင်၊ ပညာသည်၊ ပြိုင်းတောင်၊ သပြေကန် စသည့် နေရာတို့အား ဒီဂရီ၊ မီတာ၊ ယမ်းအားများကို တိုင်းတာချိန်ရွယ်ထားသည့် ဆိုင်းဘုတ်များအား ဒေသခံများက တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

တိမ်ညိုရဲစခန်းကနေ အနီးနားကျေးရွာများအား ချိန်ရွယ်ထားသည့် ပစ်မှတ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Arakan Princess Media

တတိယအကြိမ် ရခိုင်တိုက်ပွဲအတွင်း စစ်ကောင်စီက ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေခြင်းမှာ လူမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရခိုင်ဒေသခံများက ပြောဆိုကြသည်။ 

“အခုက နည်းပညာတွေ မြင့်လာတယ်။ စစ်ကောင်စီတပ်စခန်းတွေကနေပြီး GPS နဲ့ဖမ်းပြီး တွက်ချက်လို့ရတယ်။ အမြောက်ပစ်တဲ့အခါ ဘယ်နေရာကို ဘယ်လောက်ဒီဂရီစောင်းလိုက်ရင် ဘယ်လောက်ရောက်နိုင်တယ်။ အဲဒီနေရာမှာ သူတို့ရဲ့ရန်သူ ရှိနိုင်၊ မရှိနိုင်ကို တွက်ချက်ပြီးသား။ ပြည်သူတွေ သေဆုံးနစ်နာမှာကို သူတို့ ထည့်မတွက်ဘူး” ဟု ၈၈ မျိုးဆက် ရခိုင်ကျောင်းသားဟောင်းတစ်ဦးက ပြောသည်။ 

တိန်ညိုရဲစခန်း တစ်ခုတည်းမဟုတ်ဘဲ ရခိုင်ပြည်အတွင်းရှီ အခြားမြို့နယ်များတွင်လည်း လူနေကျေးရွာများသို့ ပစ်မှတ်ထားချိန်ရွယ်ထားမှုများ ရှိနေနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။ 

စစ်ကောင်စီသည် ညီနောင်မဟာမိတ် ၃ ဖွဲ့ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်ဒေသတွင် တပ်စခန်းနှင့်မြို့များအား ဆုံးရှုံးနေရသဖြင့် ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဟု ရခိုင်ဒေသခံများက ရှုမြင်ကြသည်။ 

“တော်လှန်ရေးအုပ်စုတွေနဲ့ ပြည်သူတွေဟာ တသားတည်းဖြစ်နေတော့ ပြည်သူတွေကိုလုပ်ရင် တော်လှန်ရေး အုပ်စုတွေကို ချေမှုန်းလို့ရမယ်လို့ သူတို့ယူဆပုံရတယ်။ အခုလို စစ်ကောင်စီက ဒေသခံတွေကို ပစ်မှတ်ထားတာက လူသားမဆန်တဲ့၊ နိုင်ငံတကာစစ်ရေးဥပဒေအရ မလုပ်သင့်တာတွေကို ကျူးလွန်နေတာ ဖြစ်တယ်” ဟု လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတို့ တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က မြို့ပေါ်နှင့် ကျေးလက်ဒေသများကိုပါ ကြည်း၊ ရေ၊ လေဖြင့် အင်အားသုံး ပစ်ခတ်မှုများ ဆက်တိုက်ရှိနေသည်။

စစ်ကောင်စီတပ်က ပစ်ခတ်မှုများကြောင့် ရခိုင်နှင့် ပလက်ဝမြို့နယ်တွင် အရပ်သားသေဆုံးသူ ၂၂ ဦးနှင့် ဒဏ်ရာရရှိသူ ၇၄ ဦးအထိ ရှိလာကြောင်း DMG က ကောက်ယူထားသည့် စာရင်းအရ သိရသည်။ သို့သော်လည်း တိုက်ပွဲပြင်းထန်နေသော ပေါက်တောမြို့မှ သေဆုံး၊ ဒဏ်ရာရသူများကို သိရှိနိုင်ရန် ခက်ခဲနေသေးသည်။ 

#D004 #DMG 

ဗီဒီယိုများ