ဘူးသီးတောင် ၅၅၂ တပ်ရင်းကို သိမ်းပိုက်နိုင်ရေး AA စစ်ရေးအရှိန်မြှင့် တိုက်ခိုက်နေ

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ ၅၅၂ တပ်ရင်းကို သိမ်းပိုက်ရယူရေး ထိုးစစ်အရှိန်မြှင့်ကာ တိုက်ခိုက်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော်(AA)က မတ်လ ၂၄ ရက်တွင် ထုတ်ပြန်သည်။

By Admin 25 Mar 2024

ဓာတ်ပုံ - AA Info Desk
ဓာတ်ပုံ - AA Info Desk

ခမရ ၅၅၂ တပ်ရင်းကို ဖေဖော်ဝါရီ ၂၄ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း(၃၀)အထိ ကြာမြင့်လာပြီဖြစ်သည်။ တပ်ရင်းတစ်ခုလုံးကို သိမ်းပိုက်ရယူရေးအတွက် ဆက်လက် ထိုးစစ်ဆင်နေကြောင်း ထုတ်ပြန်လာခြင်း ဖြစ်သည်။ 

ယင်းအပြင် ဂုပ္ပီရဲစခန်းမှ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA ၏ ပိတ်ဆို့ဖြတ်တောက်ရေး တပ်ဖွဲ့ဝင်များက မတ်လ ၂၀ ရက်မှစတင်ပြီး လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ထွက်ပြေးလာကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ ၁၂ ဦးကို ရှင်းလင်းနိုင်ခဲ့ပြီး နောက်ထပ် ၁၀ ကျော်ကို လက်နက်ခဲယမ်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ယင်းအပြင် ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ဆက်လက် တိုက်ခိုက်လျက်ရှိကြောင်း AA က ဆိုသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်သည့် စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲများမှာ လေးလကျော်အထိ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်ကာ သိမ်းပိုက်ခြင်းများရှိနေသည်။ 

လက်ရှိတိုက်ပွဲအတွင်း ရခိုင်ပြည်က ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ရယူထားသည်။ 

ဗီဒီယိုများ