မြဝတီတွင် သေနတ်ပစ်ခတ်ခံရမှုကြောင့် KBZ ဘဏ်ဝန်ထမ်းတစ်ဦး သေဆုံး

ယင်းဖြစ်စဉ်ကြောင့် မြဝတီမြို့ အဝင်အထွက်နေရာနှင့် အမှတ်(၁) နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားတို့၌ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF)တို့က ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

By Admin 03 Oct 2023

ဓာတ်ပုံ - Wikipedia
ဓာတ်ပုံ - Wikipedia

DMG ၊ အောက်တိုဘာ ၃

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယမန်နေ့ (အောက်တိုဘာ ၂ ရက်) ညနေပိုင်းက သေနတ်ပစ်ခံရမှုကြောင့် ကမ္ဘောဇဘဏ်ခွဲ၏ အကြီးတန်းမန်နေဂျာတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဘဏ်ဝန်ထမ်းများထံက သိရသည်။

သေဆုံးသွားသူမှာ ဦးတင်မောင်အေးဖြစ်ပြီး ဘဏ်မှနေအိမ်သို့ပြန်လာစဥ် ညနေ ၅ နာရီကျော်အချိန် အမှတ်(၄) ရပ်ကွက်၊ တောရကျောင်းလမ်းနှင့် မေတ္တာ(၃)လမ်းထောင့်တွင် အမည်မသိ သေနတ်သမားနှစ်ဦး၏ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

“ဘဏ်ကနေအိမ်ပြန်လာတုန်း တောရကျောင်းလမ်းနဲ့ မေတ္တာ ၃ လမ်းထောင့်အရောက်မှာ ဆိုင်ကယ်နဲ့ လူနှစ်ယောက်လာပြီး သေနတ်နဲ့ပစ်သွားတာ။ နေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်” ဟု မြဝတီမြို့ KBZ ဘဏ်ဝန်ထမ်းအသိုင်းအဝိုင်းမှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဦးတင်မောင်အေးတွင် ဝဲနားအောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်၊ ယာပါး ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက် ဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ 

လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းကို မြဝတီမြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး  ပစ်ခတ်ခဲ့သူများအား လူသတ်မှုအပြင် လက်နက်ကိုင်ဆောင်မှုတို့ဖြင့် အမှုဖွင့်ထားကြောင်း မြဝတီမြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

“ပုဂ္ဂိုလ်ရေး ရန်ငြိုးနဲ့ ပစ်ခတ်ခံရတာဖြစ်နိုင်တယ်။ အခြားဘာအကြောင်းမှ မရှိပါဘူး။ ပစ်ခတ်သွားတဲ့သူတွေကို လူသတ်မှုနဲ့ရော လက်နက်ကိုင်ဆောင်မှုနဲ့ပါ အမှုဖွင့်ထားတယ်” ဟု ၎င်းက ပြောသည်။ သို့သော်လည်း ပစ်ခတ်ခဲ့သူများမှာ မည်သူမည်ဝါဆိုသည်ကို မသိရသေးပေ။ 

ယင်းဖြစ်စဉ်ကြောင့် မြဝတီမြို့ အဝင်အထွက်နေရာနှင့် အမှတ်(၁) နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားတို့၌ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF)တို့က ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

“ အခုကမြို့ထဲမှာ စစ်တပ်ကော BGF ကောရှုပ်နေတယ်။ ဘယ်သွားသွား အစစ်ခံနေရတယ်။ ညပိုင်းဆိုလည်း ဧည့်စာရင်းစစ်တာဆိုတော့ အဆင်မပြေဘူး။ မြို့ထဲက ထွေအုပ်ရုံးကလည်း ဗုံးသီးချခံရတာ မကြာသေးဘူး။ အခုကထပ်ပြီး ပစ်ခတ်ခံရတာဆိုတော့ မြို့ထဲကလူတွေ ကြောက်လန့်နေကြတယ်”  ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင်  သေနတ်အသေးစားများကို အလွယ်တကူဝယ်ယူနိုင်ပြီး အမည်မသိလက်နက်ကိုင်များ ပေါများလာကြောင်း မြို့ခံများက ပြောဆိုကြသည်။

#F004

ဗီဒီယိုများ