AA ကို ကြည်း၊ ရေ ပူးပေါင်းစစ်ဆင်ပြီး ချေမှုန်းနေကြောင်း စစ်ကောင်စီပြော

ရှမ်း(မြောက်)၊ ရခိုင်၊ ကယားနှင့် လွိုင်ကော်ဒေသ တိုက်ပွဲများနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများကို စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုလာခြင်းဖြစ်သည်။ 

By Admin 14 Nov 2023

ပုသိမ်တပ်နယ်တွင် ၂၀၁၈ ခုနှစ်ကပြုလုပ်ခဲ့သည့် စစ်ကောင်စီ (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း။ ဓာတ်ပုံ - CINCDS
ပုသိမ်တပ်နယ်တွင် ၂၀၁၈ ခုနှစ်ကပြုလုပ်ခဲ့သည့် စစ်ကောင်စီ (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း။ ဓာတ်ပုံ - CINCDS

DMG ၊ နိုဝင်ဘာ ၁၄ 

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်နယ်ခြားစောင့်ရဲကင်းစခန်းကို ဝင်ရောက်စီးနင်းခဲ့သည့် ရက္ခိုင့်တပ်တော်(AA)အား ကြည်း၊ ရေ ပူးပေါင်းစစ်ဆင်ပြီး ချေမှုန်းလျက်ရှိသည်ကြောင်း နိုဝင်ဘာလ ၁၄ ရက်နေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။ 

ရှမ်း(မြောက်)၊ ရခိုင်၊ ကယားနှင့် လွိုင်ကော်ဒေသ တိုက်ပွဲများနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများကို စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုလာခြင်းဖြစ်သည်။ 

“ရခိုင်ဘက်မှာတော့ နယ်ခြားစောင့် ရဲကင်းစခန်းငယ်တစ်ခုဖြစ်တဲ့ ဒုံးပိုက်ရဲကင်းစခန်းကို မနက် ၅ နာရီလောက်က AA အနေနဲ့ ဝင်ရောက်စီးနင်းတိုက်ခဲ့တာမျိုး ဆောင်ရွက်ခဲ့တာရှိတယ်။ ကျနော်တို့အနေနဲ့ ကြည်း၊ ရေ ပူးပေါင်းစစ်ဆင်ပြီး ချေမှုန်းလျက်ရှိတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။ 

ရခိုင်ပြည်တွင် စစ်ကောင်စီ နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား နှစ်ဖက်နားလည်မှုဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်တွင် အပစ်အခတ်ရပ်စဲခဲ့ကြသည်။ တိုက်ပွဲရပ်တန့်မှု ၁ နှစ်ပြည့်မည့်အချိန် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ အငူမော်-မောင်တော ကားလမ်းရှိ ချိန်ခါလိန်နှင့် ဒုံးပိုက်နယ်ခြားစောင့်စခန်းကို AA က ဝင်ရောက်တိုက်ခိုက်ပြီးနောက် တကျော့ပြန်တိုက်ပွဲများ ပြန်လည်စတင်လာခဲ့သည်။

စစ်ကောင်စီနှင့် AA တို့၏ ယခု တတိယအကြိမ်တိုက်ပွဲသည် အပြတ်သတ်တိုက်ပွဲ ဖြစ်နိုင်ခြေများသည်ဟု နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

“ဒီတိုက်ပွဲက နောက်ပြန်လှည့်လို့ရမယ့် တိုက်ပွဲလည်း မဟုတ်ဘူး။ တစ်ကြိမ်၊ နှစ်ကြိမ်လည်း အပစ်အခတ်ရပ်စဲခဲ့ကြပြီ။ အမြဲတမ်း ပြန်ပြီးတိုက်ကြတယ်။ တတိယအကြိမ်ဆိုတော့ နောက်မရှိတော့ဘူးလို့ ထင်ပါတယ်။ အပြတ်သတ်တိုက်ပွဲဖြစ်ဖို့ များတယ်” ဟု သူက ပြောသည်။ 

AA ပါဝင်သော ညီနောင်မဟာမိတ် (၃) ဖွဲ့က “၁၀၂၇ စစ်ဆင်ရေး” ကို တစ်နိုင်ငံလုံးအနှံ့ ဆင်နွှဲသွားမည်ဟု ပြောဆိုထားသဖြင့် ရခိုင်ပြည်တွင် တိုက်ပွဲနယ်မြေ ကျယ်ပြန့်လာနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။ 

တိုက်ပွဲပထမနေ့တွင် ရခိုင်ပြည်အတွင်း နေရာ ၅ ခု၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယင်းနေရာများသို့ စစ်ကောင်စီ၏ စစ်သင်္ဘောများ၊ တပ်စခန်းများမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်မှုများကြောင့် အရပ်သားများ ထိခိုက်၊ သေဆုံးမှုများရှိသည်ဟု ညီနောင်သုံးဖွဲ့၏ နိုဝင်ဘာလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်က ဆိုသည်။

ယမန်နေ့တိုက်ပွဲများမှာ - ရသေ့တောင်မြို့နယ် ချိန်ခါလိန်နှင့် ဒုံးပိုက်ရွာအနီး၊ မောင်တောမြို့နယ် မီးတိုက်နှင့် သင်္ဘောလှရွာအနီး၊ မင်းပြားမြို့နယ် ဖားပြို(ချင်း)ကျေးရွာအရှေ့ဘက် ရန်ကုန်-စစ်တွေ ကားလမ်းမထက်နှင့် ပန်းမြောင်းရွာအရှေ့ဘက် မင်းပြား-မြောက်ဦးမြို့နယ်ကြားအပြင် ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းမြောက်ဘက် ဒုံးပိုက်ကျေးရွာအနီးတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

တိုက်ပွဲဖြစ်ပွားမှုကြောင့် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြားမြို့နယ်တို့မှ ဒေသခံနှစ်ထောင်ကျော်မှာ စိုးရိမ်ကြောက်လန့်၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။ 

“ချိန်ခါလိန် နယ်ခြားစောင့်စခန်းကို AA က သိမ်းလိုက်ပြီလို့တော့ သိရတယ်။ ကျနော်တို့က အခုထိ ဘေးလွတ်ရာမှာ တိမ်းရှောင်နေတယ်။ အခြေအနေစောင့်ကြည့်ပြီးမှ အိမ်ပြန်မှာဖြစ်တယ်” ဟု ရသေ့တောင်မြို့နယ်၊ ချိန်ခါလိန်ရွာသားတစ်ဦးက ပြောသည်။

“ရသေ့တောင်မြိုနယ်ရှိ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းအား ရက္ခိုင့်တပ်တော်က နိုဝင်ဘာလ ၁၃ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီး ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းအား ယနေ့ နိုဝင်ဘာလ (၁၄) ရက်၊ နံနက် (၇) နာရီခွဲတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်” ဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။ 

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများနှင့် စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိကာ လက်နက်ချအညံ့ခံသူများလည်းရှိကြောင်း ညီနောင်သုံးဖွဲ့က ဆိုထားသည်။ 

ရခိုင်တိုက်ပွဲစတင်သည်နှင့်တပြိုင်နက် စစ်ကောင်စီသည် ရခိုင်ဒေသအတွင်း မြို့နယ်အားလုံး၏ ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ထားပြီး ပြည်သူများကိုလည်း စစ်ဆေးမှုတင်းကျပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

#D001 #DMG 

ဗီဒီယိုများ