ကျောက်တော်မြို့က စစ်ဘေးရှောင်များ ဘေးလွတ်ရာပြောင်းရွှေ့ရန် အခက်အခဲရှိနေ 

ရခိုင်ပြည်၊ ကျောက်တော်မြို့တွင် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်၍ ဒေသခံအများအပြားမှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြသော်လည်း စစ်ဘေးရှောင်များမှာ နေရာပြောင်းရွှေ့ရန် အခက်အခဲရှိနေကြသည်။

By Admin 01 Jan 2024

ကျောက်တော်မြို့ရှိ မီးရထားဘူတာစစ်ဘေးရှောင်စခန်းအား ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်။ 
ကျောက်တော်မြို့ရှိ မီးရထားဘူတာစစ်ဘေးရှောင်စခန်းအား ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်။ 

စစ်ဘေးရှောင်များမှာ လက်ရှိနေထိုင်ရာစခန်းအတွင်း လုံခြုံမှုမရှိသဖြင့် မြို့ခံများနည်းတူ ဘေးလွတ်ရာသို့ တိမ်းရှောင်လိုသော်လည်း ငွေကြေးအခက်အခဲ ရှိနေခြင်းဖြစ်သည်။  

“မြို့ခံတွေတောင် တိမ်းရှောင်နေကြပြီ။ ကျနော်တို့ စစ်ဘေးရှောင်တွေမှာက အသက်အန္တရာယ်စိုးရိမ်ပေမယ့် ပြောင်းရွှေ့ဖို့အတွက် ပိုက်ဆံအဆင်မပြေဘူး။ အခုက စက်သုံးဆီပြတ်လပ်နေလို့ ကားခတွေကလည်း တအားဈေးတက်နေတယ်။ စခန်းမှာက လုံခြုံမှုမရှိ၊ ပုန်းဖို့နေရာလည်း မရှိဘူး” ဟု ကျောက်တော်မြို့၊ မီးရထားဘူတာ စစ်ဘေးရှောင်စခန်းမှ အမျိုးသားတစ်ဦးက ပြောသည်။ 

ကျောက်တော်မြို့ပေါ်တွင် ခိုလှုံနေကြသူများမှာ ကုလားတန်မြစ်အထက်ပိုင်းရှိ တင်းမ၊ မာလာ၊ မုန့်သန်းပြင်၊ ပြိုင်းတိုင်း၊ ကျောက်တန်း၊ မျောက်တောင်၊ မီးကျောင်းတက် စသည့်ကျေးရွာများမှ ဒေသခံများဖြစ်ပြီး ၂၀၂၀ ခုနှစ် စစ်ရေးပဋိပက္ခအတွင်း ထွက်ပြေးတိမ်းရှောင်လာသူများဖြစ်သည်။ 

ကျောက်တော်မြို့တွင် နေပူခံ၊ ကဝိရတနာ၊ မီးရထားဘူတာ၊ မြို့မရွှေကျောင်း၊ မဟာကံကြီးရှင် အပါအဝင် စစ်ဘေးရှောင်စခန်း ၁၀ နီးပါးခန့်ရှိသည်။ ၎င်းတို့မှာ ကျောက်တော်မြို့တွင် စစ်ဘေးရှောင်အဖြစ်ခိုလှုံရင်း ၄ နှစ်ခန့်အကြာတွင်  ထပ်မံစစ်ဘေးတိမ်းရှောင်ရမည့် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရခြင်း ဖြစ်သည်။ 

“ကျမတို့လောက်ဒုက္ခရောက်ရတာ ကျမတို့ပဲရှိတော့မယ်ထင်တယ်။ ပြီးခဲ့တဲ့တိုက်ပွဲတုန်းကလည်း အကုန်လုံးဆုံးရှုံးခဲ့ရပြီ။ အသက်တစ်ချောင်းပဲ ကျန်တော့တယ်။ အခု ဒီမှာနေရတာလည်း မလုံခြုံတော့ပြန်ဘူး” ဟု ကျောက်တော်မြို့မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။  

ရခိုင်တွင် တိုက်ပွဲစတင်ဖြစ်ပွားသည့်နေ့မှစ၍ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ဒေသခံများမှာ စားနပ်ရိက္ခာပြတ်လပ်မှုနှင့်ရင်ဆိုင်နေရပြီး အလှူရှင်များ၏ ထောက်ပံ့ကူညီမှုဖြင့် ရပ်တည်နေကြရသော စစ်ဘေးရှောင်များမှာ ရိက္ခာပြတ်လပ်မှုဒဏ်ကို ပို၍ခံစားနေကြရသည်။ 

ထို့ကြောင့် ကျောက်တော်မြို့ပေါ်ရှိ စစ်ဘေးရှောင်များမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နိုင်မည် ဆိုလျှင်တောင် စားဝတ်နေရေးနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေကြသည်။  

“နယ်မြေဒေသအခြေအနေက မခန့်မှန်းနိုင်ဘူးလေ။ ဒီနေ့တိုက်ပွဲဖြစ်လာမလား မနက်ဖြန်ဖြစ်လာမလား မသိနိုင်ဘူး။ မြောက်ဦးကိုကြည့်လို့ ကျနော်တို့မှာ စိုးရိမ်မှု ပိုမြင့်တက်နေတယ်။ တိမ်းရှောင်မယ်ဆိုရင်လည်း ခက်ခဲမှုကတော့ ပိုဆိုးမှာ။ ဒါပေမယ့် အသက်ရှင်သန်ဖို့က အရေးကြီးတယ်လေ” ဟု ကျောက်တော်မြို့၊ ရွှေကျောင်းစစ်ဘေးရှာင်စခန်းမှ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။ 

လက်ရှိတွင် ကျောက်တော်မြို့နယ်မြောက်ပိုင်း၊ ကုလားတန်မြစ်အရှေ့ဘက်ရှိ တင်းမဗျူဟာကုန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီက အကြိတ်အနယ်ခုခံနေသဖြင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်။ 

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပြင်းထန်လာမှုနှင့်အတူ AA က စစ်ကောင်စီ၏ နယ်ဖက်တပ်စခန်းများအပြင် မြို့ပေါ်စခန်းသိမ်းတိုက်ပွဲများကိုပါ ဆင်နွှဲလာနေသည်။ ပေါက်တော၊ မြောက်ဦးနှင့် ရမ်းဗြဲမြို့များ၌ တိုက်ပွဲဖြစ်ပွားနေပြီး ပုဏ္ဏားကျွန်း၊ အမ်း၊ မြေပုံ စသည့် မြို့အနီးများ၌လည်း နှစ်ဘက်စစ်ရေးလှုပ်ရှားမှုများ ရှိနေသည်။  

ဗီဒီယိုများ