ကျောက်တော်တွင် စစ်ဘေးရှောင်သုံးဦး လုပ်ငန်းခွင်အတွင်းဓာတ်လိုက်၍  ဆေးရုံတက်ရ 

ရခိုင်ပြည်၊ ကျောက်တော်မြို့တွင် နေထိုင်သော စစ်ဘေးရှောင်သုံးဦး ယနေ့ညနေ ၄ နာရီခန့်က လုပ်ငန်းခွင်အတွင်း လျှပ်စစ်ဓာတ်လိုက်၍ ဒဏ်ရာရရှိသွားခဲ့သည်။ 

By Admin 20 Mar 2023

ဓာတ်ပုံ - ဖြူစင်မေတ္တာလူမှုကူညီရေးအသင်း
ဓာတ်ပုံ - ဖြူစင်မေတ္တာလူမှုကူညီရေးအသင်း

DMG ၊ မတ်လ ၂၀ 

ရခိုင်ပြည်၊ ကျောက်တော်မြို့တွင် နေထိုင်သော စစ်ဘေးရှောင်သုံးဦး ယနေ့ညနေ ၄ နာရီခန့်က လျှပ်စစ်ဓာတ်လိုက်၍ ဒဏ်ရာရရှိသွားသဖြင့် ဆေးကုသမှု ခံယူနေရကြောင်း လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။ 

ဒဏ်ရာရရှိသူများမှာ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ မောင်အောင်သိန်းထွန်း(၁၈)နှစ်၊ မောင်ကျော်ဆန်း (၁၈) နှစ်နှင့် မဟာကံကြီးသျှင် စစ်ဘေးရှောင်စခန်းမှ မောင်အေးလှထွန်း (၁၇)နှစ်တို့ ဖြစ်ကြောင်း သိရသည်။ 

၎င်းတို့သုံးဦးမှာ ယနေ့ညနေပိုင်းက ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်၊ ပိတောက်လမ်းအတွင်း Mytel Wifi တိုင်စိုက်ထူနေချိန်တွင် အနီးရှိ လျှပ်စစ်မီးတိုင်နှင့်ထိမိသွားဖြင့် ဓာတ်လိုက်မှုဖြစ်ပွား ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ကျောက်တော်မြို့ ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုနိုင်ဝင်းလွင်က ပြောသည်။

“သူတို့ တိုင်စိုက်နေတဲ့အခါ မိုးကလည်း ရွာနေတယ်။ ဘေးနားက ဓာတ်တိုင်ကမီးကြိုးနဲ့ စိုက်နေတဲ့တိုင်နဲ့ ထိသွားတော့ ရှော့ခ်ဖြစ်ပြီး ဒဏ်ရာရသွားတာ” ဟု ၎င်းက ပြောသည်။ 

ဓာတ်လိုက်ခံရမှုကြောင့် မောင်အောင်သိန်းမှာ မေးစေ့နှင့် လက်နှစ်ဖက်လုံးတွင် ဒဏ်ရာရရှိသွားပြီး မောင်ကျော်ဆန်းမှာ ဘယ်ဘက်လက်နှင့် မောင်အောင်လှထွန်းမှာ ခြေနှစ်ဖက်လုံးတို့တွင် အသီးသီးဒဏ်ရာရှိသွားကာ လက်ရှိမှာ ကျောက်တော်ဆေးရုံတွင် ဆေးကုသခံယူလျက်ရှိကြောင်း သိရသည်။ 

စစ်ဘေးရှောင်သုံးဦးမှာ စခန်းအတွင်း မိသားစုစားဝတ်နေရေးအခက်အခဲကြောင့် ထိုအလုပ်ကို ဝင်ရောက်လုပ်ကိုင်သည့် လုပ်ငန်းခွင်ပထမနေ့တွင် ယခုကဲ့သို့ မတော်တဆဖြစ်သွားခြင်း ဖြစ်သည်ဟု စခန်းတာဝန်ရှိသူများထံမှ သိရသည်။  

“စစ်ဘေးရှောင်တွေမှာ အထောက်အပံ့တွေက မရတော့ အပြင်ထွက်ပြီး အလုပ်လုပ်နေရတယ်။ သူတို့မှာလည်း တစ်ရက်ရှာမှ တစ်ရက်စားနေရတာဆိုတော့ အခုလို ဖြစ်သွားတော့ စိတ်မကောင်းဘူး။ ကူညီပေးနိုင်တဲ့သူတွေရှိရင် ကူညီစေချင်တယ် ” ဟု ကျောက်တော်မြို့ ကဝိရတနာကျောင်းမှ စစ်ရှောင်စခန်းတာဝန်ခံ  ဦးမောင်သိန်းရွှေ က ပြောသည်။

ရခိုင်ပြည်က စစ်ဘေးရှောင်စခန်းများတွင် အထောက်အပံ့ မရရှိတော့သောကြောင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအခက်အခဲ ဖြစ်ကာ  ကြုံရာကျပန်း လုပ်ကိုင်ကာ စားသောက်နေကြရသည်။

#I001

ဗီဒီယိုများ